Monday, October 5, 2009

နအဖခေါင်းဆောင်ကြီး သန်းရွှေနှင့် မိသားစုအား ဗုဒ္ဓဘာသာအဖြစ်မှ ထုတ်ပယ်ကာ သာသနာဖျက် မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်လိုက်ခြင်း။

နအဖခေါင်းဆောင်ကြီး သန်းရွှေနှင့် မိသားစုအား ဗုဒ္ဓဘာသာအဖြစ်မှ ထုတ်ပယ်ကာ သာသနာဖျက် မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်လိုက်ခြင်း။

ပြည်တွင်းပြည်ပ သိမ်အသီးသီးတွင် ပတ္တနိက္ကုဇ္ဇနကမ္မ၀ါရွတ်ဆို၍ အောင်မြင်စွာ သပိတ်မှောက် နိုင်ခြင်းနှင့် န.အ.ဖ စစ်အုပ်စုတွင် တာဝန်အရှိဆုံး ဦးသန်းရွှေအား ဗုဒ္ဓဘာသာအဖြစ်မှ ထုတ်ပယ်ကာ သာသနာဖျက် မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်သည်။

သံဃာတော်အရှင်သူမြတ်များဘုရား -

န.အ.ဖ စစ်အုပ်စုသည် ၁၉၉၀ ပြည့် ပထမအကြိမ် ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာရွတ်ဆို၍ သတိပေး တားမြစ်ပါသော်လည်း ၀န်ချတောင်းပန်ခြင်း မရှိသည့်အပြင် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ တိပိဋကဓရ ဆရာတော်ကြီးများကိုပင် ထောင်ချနှိပ်စက်သတ်ဖြတ်ခဲ့ပါသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ဒုတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာရွတ်ဆို၍ သတိပေး တားမြစ်ပါသော်လည်း ၀န်ချတောင်းပန်ခြင်း မရှိသည့်အပြင် ကျောင်းတိုက်ပေါင်း ၆၀ ကျော်ကို သူပုန်စခန်းစီးသလို ၀င်စီးကာ သေနတ်နှင့်ပစ်သတ်၊ ၀ါးရင်းဒုတ်နှင့် ရိုက်သတ် အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်သွားကာ ထောင်ချနှိပ်စက်နေသည့်အတွက် ၂၀၀၉ ခု အောက်တိုဘာလ ၃ရက် သီတင်းကျွတ်လပြည့် ပ၀ါရဏာနေ့တွင် ပြည်တွင်း၊ ပြည်ပသိမ်အသီးသီး၌ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာရွတ်ဆိုကာ အောင်မြင်စွာ သပိတ်မှောက် နိုင်ခဲ့ပါသည်။

န.အ.ဖ စစ်အုပ်စုတွင် တာဝန်အရှိဆုံးဖြစ်သော ဦးသန်းရွှေသည် ဗုဒ္ဓဘာသာဝင်မှန်ပါက သံဃာတော်များ တောင်းဆိုထားသော အချက်ကို လိုက်နာရမည် ဖြစ်ပါသည်။ ယခုအခါ မလိုက်နာသည့်အပြင် ဆက်လက်၍ ဖမ်းဆီး၊ ထောင်ချ၊ နှိပ်စက်၊ ညှင်းပမ်း၊ သတ်ဖြတ်နေသည့်အတွက် ဦးသန်းရွှေ+ဒေါ်ကြိုင်ကြိုင်နှင့် သူ၏မိသားစုတစ်ခုလုံးအား ဗုဒ္ဓဘာသာအဖြစ်မှ ထုတ်ပယ်လိုက်သည်။ ဦးသန်းရွှေအား သာသနာကို ဖျက်ဆီးနေသော မိစ္ဆာဒိဋ္ဌိ အဖြစ် သတ်မှတ်လိုက်သည်။

နိုင်ငံတော်ကို အသက်ပေးကာကွယ်စောင့်ရှောက်ရန် တပ်မတော်သို့ ၀င်ရောက်လာကြသော တပ်မတော်သားများအား အထူးမေတ္တာရပ်ပါသည်။

ဦးသန်းရွှေသည် နိုင်ငံတော်ကို အသက်ပေးကာကွယ်ရမည့် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ထားခဲ့သော တပ်မတော်ကို မိမိအာဏာအတွက် အသုံးချကာ သာသနာတော်ကို ဖျက်ဆီးနေသော၊ နိုင်ငံတော်ကို ဖျက်ဆီးနေသော၊ ပြည်သူရွံမုန်းသော တပ်မတော်ကြီးဖြစ်အောင် ဖန်တီးနေပါသည်။ သို့ပါ၍ သာသနာကိုဖျက်၊ နိုင်ငံတော်ကို ဖျက်ဆီးနေသော မိစ္ဆာဒိဋ္ဌိ ဦးသန်းရွှေအား တပ်မတော်မှ ဖယ်ရှားပေးပါရန် တိုက်တွန်းနှိုးဆော်ပါသည်။

ပြည်သူပြည်သားများအား အထူးမေတ္တာရပ်ပါသည်။

မြတ်စွာဘုရားရှင်၏ ၀ိနည်းဥပဒေနှင့်အညီ ပတ္တနိက္ကုဇ္ဇနကမ္မ၀ါရွတ်ကာ သပိတ်မှောက်ထားပါ၍ ၀ိနည်းကံကို လေးစားလိုက်နာခြင်းမရှိသော သံဃာတော်များကို ပစ္စည်းလေးပါး လှူဒါန်းခြင်း မပြုကြပါရန်နှင့် အလှူခံ၍ ၀ိနည်းဥပဒေချိုးဖေါက်ကာ န အ ဖ စစ်အုပ်စုခိုင်းတာ မှန်သမျှလိုက်လုပ်နေသော သံဃာတော်များ၏ ဘွဲ့အမည်၊ မိဘအမည်၊ ကျောင်းအမည်၊ နေရပ်လိပ်စာ အပြည့်အစုံ ရေး၍ ပို့ပေးကြပါရန် တိုက်တွန်းနှိုးဆော်ပါသည်။ န အ ဖ ခိုင်းတာမှန်သမျှ အကုန်လိုက်လုပ်နေသော အလိုတော်ရိ စစ်ဗိုလ်၊ မ ယ က၊ ရ ယ က၊ ကြံ့ဖွတ်၊ စွမ်းအားရှင် စသည့် ပုဂ္ဂိုလ်များ၏ အမည်၊ နေရပ်လိပ်စာအပြည့်အစုံကို အောက်ပါ အီးမေးလ်သို့ ပို့ပေးကြပါရန် တိုက်တွန်းနှိုးဆော်ပါသည်။ ( evillists@gmail.com ) ။

သံဃာတော်များသည် မိမိသာသနာအတွက် နိုင်ငံအတွက် အသက်တွေ ဘ၀တွေ စတေးကာ ထောင်ကျနှိပ်စက်ခံနေကြရပါသည်။ သာသနာ့အာဇာနည်သံဃာတော်များ လွတ်မြောက်ရေးသည် သံဃာတော်များအားလုံးနှင့် ပြည်သူလူထုတစ်ရပ်လုံးတွင် တာဝန်ရှိပါသည်။

သို့ပါ၍မိမိမြို့၊ ရွာရှိ ထင်ရှားသော ဘုရားစေတီပုထိုးများသို့ စုပေါင်းညီညာသွားရောက်ကာ သံဃာတော်များ လွတ်မြောက်ရေးအတွက် သရဏဂုံသုံးပါး ရွတ်ဆိုခြင်း၊ ငါးပါးသီလဆောက်တည်ခြင်း၊ မေတ္တာသုတ်များ ရွတ်ဆိုခြင်း၊ တရားထိုင်ခြင်း နှင့် မိမိပြုသောကုသိုလ်များကို သစ္စာအဓိဋ္ဌာန်ပြုကာ ဆုတောင်းအမျှဝေခြင်းများ ပြုလုပ်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂနှင့် သံဃာသာမဂ္ဂီအဖွဲ့ ။



www.niknayman-niknayman.co.cc

No comments:

Post a Comment

ဝေဖန်အကြံပေးနိုင်ပါသည်