Thursday, November 19, 2009

ခွင့်လွှတ်ပါ အမေ

(၂၀၀၇)မျိုးဆက်ကျောင်းသားသမဂ္ဂကျောင်းသားတစ်ဦး


အမေ……….အမေ့သားတွေအမေ့မျက်နှာမမြင်ရတာ၊ အမေ့စကားသံမကြားရတာ၊အမေ့ဟန်ပန် မတွေ့ရတာအနှစ် (၂၀)ပြည့်ခဲ့ပြီအမေ။ အမေ့ရင်ခွင်ရဲ့အဝေးမှာလူလားမြောက်ခဲ့ရတဲ့ သားတို့ရဲ့ ညီငယ်လေးတွေကိုအမေ့ဓာတ်ပုံပြပြီးအမေ့ အကြောင်းပြောရင်း အမေ့ရဲ့သံမဏိစိတ်ဓာတ်တွေ
သွင်းပေးရုံနဲ့ တာဝန်ကြေပြီလို့သားတို့မခံယူရဲဘူး အမေ။ တကယ်ဆိုသံဆူးကြိုး၊သံတိုင်ကြားက
အမေ့ကို လွှတ်မြောက်ခွင့်ရအောင်သားတို့ကြိုးစားကြရမှာပါ။

အမေ့ယုံကြည်ချက်ကိုသားတို့ပုံဖော်ရမှာပါ။အမေ့စိတ်ဓာတ်ကိုသားတို့မွေးမြူရမှာပါ။ အမေမုန်းတဲ့
စနစ်ကိုသားတို့တိုက်ထုတ်ရမှာပါ။အမေ့အိမ်မက်တွေ ကိုသားတို့အကောင်အထည်ဖော်ရမှာပါ
ဒါပေမယ့်အမေရယ်…….အမေ့သားတွေထဲကတချို့ကအမေ မျှော်လင့်သလောက် မလိမ္မာကြဘူး။
တက္ကသိုလ်ကျောင်းသားတွေဖြစ်ပြီဆိုတာနဲ့အပျော်အပါးပဲမက်နေကြတယ်အမေ။
သမိုင်းပေးတာဝန်ကိုသူ တို့နားမလည်ကြဘူး။
သူတို့လေးတွေ နားလည်လာအောင် သားတို့ဘယ်လိုရှင်းပြရမလဲအမေ။ 
နောက်ပြီးအမေ့သားကြီးတွေကလဲသူတလူငါတမင်းနဲ့အချင်းချင်း မညီညွတ်ကြဘူး။ တစည်းတလုံးထဲတိုက်ပွဲဝင်ရမယ့်အချိန်မှာ ကိုယ်သန်ရာလမ်းကိုယ်လျှောက်ပြီးထင်ရာစိုင်းနေကြတဲ့ ကိုယ့်ထက်အကြီးတွေကို သားတို့ဘယ်လိုနားချရမှာလဲ။ 
 
လိမ္မာပြီး ထက်မြက်တဲ့အမေ့သား တွေကျတော့လဲအမေမုန်းတဲ့စနစ်ဆိုးရဲ့အောက်မှာ ထောင်နန်းစံ ကုန်ကြပြီအမေ။ အမေ့အတွက်တကမ္ဘာလုံးကသံမဏိအမျိုးသမီး(Iron lady)ဆိုပြီး ဂုဏ်ယူနေကြချိန်မှာ
သားတို့ရဲ့အမေအတွက်သားတို့ရဲ့ တာဝန်ကျေတဲ့နောင်တော်ကြီးတွေအတွက်
လွတ်မြောက်ရေးလမ်းကြောင်းကိုလျှောက်လှမ်းနိုင်ဖို့ညီလေးတွေနဲ့အတူသားတို့ရုန်းမထနိုင်သေးဘူး
အမေ။ လက်ရှိအချိန်ထိအမေ့ကိုသံတိုင်တွေကြားကနေ အပြင်မထုတ်နိုင်သေးတဲ့ သားတို့ရဲ့ တာဝန် မကြေမှု့တွေအတွက်ခွင့်လွှတ်ပါအမေ။………
 
ဗိုလ်ချုပ်သွေးမို့ဒို့ယုံသည်။
အမေ့ရဲ့တာဝန်မကျေတဲ့သားတစ်ဦး

(မြန်မာနိုင်ငံ၏ လူထုခေါင်းဆောင်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အမေ ဒေါ်အောင်ဆန်းစုကြည်အားပြည်သူ့အတွက် ပေးဆပ်မူ များအပေါ်ဤစာစုဖြင့်ဂုဏ်ပြုပါသည်။)
မင်းသွေးသစ်(၂၀၀၇)

Wednesday, November 18, 2009

နောက်ဆုံးတိုက်ပွဲကို အနိုင်ရအောင် တိုက်ကြပါ


(မင်းသွေးသစ် - ၂၀၀၇ ခုနှစ် မျိုးဆက်ကျောင်းသားတဦး)

မေလ (၂၂) ရက်နေ့ဒီနေ့ ရန်ကုန်မိုးက မနက် မိုးလင်းကတည်းက ရွာနေတာဟာ နေ့လည်ရောက်လေ ပိုသည်းလေ ဖြစ်လာတယ်။ ဒီနေ့ မနက် အိပ်ရာနိုးကတည်းက မိုးရွာတာတွေ့လိုက်တော့ အမေစုအတွက် ၀ိုင်းဝန်း ဆန္ဒ ဖော်ထုတ်နေတဲ့ အင်းစိန်ထောင်ရှေ့ လမ်းမပေါ်ကို စိတ်ကရောက်သွားပြီး ပူပန်နေမိပြန်တယ်။ ဒီလိုသာ မိုးရွာနေရင် ထောင်ရှေ့ လမ်းမပေါ်မှာ အရင်နေ့တွေကလို လူရောရှိပါတော့မလားလို့ပေါ့။


စိတ်ပူမယ်ဆိုရင်လည်း ပူစရာပါပဲ။ ဘာကြောင့်လည်းဆိုတော့ရေသာခိုအချောင်လိုက်ချင်တဲ့ ကျွန်တော်တို့ မြန်မာ လူမျိုးတွေ စိတ်ဓါတ်နဲ့ ဒီလိုအရေးကြီးတဲ့ရက်တွေမှာ ရည်မှန်းချက် မရောက်ခင် တောင့်ခံနိုင်ပါ့မလား။ စိတ်မပူလို့ ကတော့ မဖြစ်။ ဒီအစိုးရဟာ အလျှော့ပေးလို့ရတဲ့ အစိုးရမျိုး မဟုတ်။



အလျှော့မပေးပါပဲ လျော့သွားတဲ့ အရေးကိစ္စတွေမှာတောင် လူထုကို ပိုမိုဖိနှိပ်မှူတွေ ပြုလုပ်လာတာ အားလုံး အသိ ပင်။ ယခုတကြိမ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးသည့်ကိစ္စတွင်မတော့ နအဖက မြန်မာပြည်သူ တရပ်လုံးကို ဂရုမစိုက်ရုံမျှမက ကမ္ဘာနိုင်ငံများကိုပါ စိန်ခေါ်သည့်အနေအထား ပြုလုပ်လာသည်။


ဤတကြိမ်လည်း ကုလသမဂ္ဂ၊ ကမ္ဘာ့နိုင်ငံများနှင့် မြန်မာပြည်သူလူထုက အရင်ကိစ္စတွေတုန်းကလိုမျိုး လျှော့တိ  လျှော့ရဲနဲ့ပြုလုပ်တောင်းဆိုနေပါက စစ်ဖိနပ်အောက်တွင် တသက်လုံး ခေါင်းမထောင်နိုင်အောင် ပြားပြားဝပ် ရပေ လိမ့်မည်။ နအဖ၏ မထွေးလေး မြွေမြိုသလို တဆင့်ပြီးတဆင့် ထပ်တိုးဖိနိုပ်မှုဗျူဟာအား အသေအချာ စမ်းစစ်ပါက ရှင်းလင်းစွာ တွေ့ရပေမည်။

ပထမဦးဆုံးခြေလှမ်းအနေဖြင့်လောင်စာဆီဈေးနှုန်းတက်သည့်ကိစ္စနှင့် လမ်းလျှောက်ဆန္ဒပြခဲ့ကြသော ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ပင် လူထုထောက်ခံမှုရှိသည့် ကိုမင်းကိုနိုင်တို့ (၈၈)မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကျောင်းသားခေါင်းဆောင်များအား ဖမ်းဆီးရုံးတင်စစ်ဆေးခဲ့ပါတယ်။ (၈၈)မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကျောင်းသားခေါင်းဆောင်များအား ရုံးတင်စစ်ဆေးနေသည့် တလျှောက်လုံး အန်အယ်လ်ဒီနှင့် ၈၈ မျိုးဆက် လက်ကျန်များ၏ ဆန့်ကျင်ကန့်ကွက်မှုကိုသာ ကြုံရပြီး၊ လူထုထံမှ မည့်သည့်တုံ့ပြန်ဆန့် ကျင်မှုမျိုးမှ မတွေ့ရသည့် နောက်တွင်မတော့ နအဖမှ ကိုမင်းကိုနိုင်အပါအ၀င် (၈၈)မျိုးဆက်ကျောင်းသားများအဖွဲ့ မှ ကျောင်းသားခေါင်းဆောင်များအား နှစ်ရှည်ထောင်ဒဏ်များ အသီးသီးချမှတ်၍ ဆန့်ကျင်ဘက် အင်အားများ ကို လျော့အောင် တိုက်ချ လိုက်သည်။

ဒုတိယခြေလှမ်းအနေနှင့် ရွှေဝါရောင်တော်လှန်ရေးဖြစ်ပေါ်လာသောအခါ လူထုကိုအထင်သေးလက်စနှင့် သံဃာ့တော်လှန်ရေးအစ ပထမရက်များတွင် မည်သည့်အရေးယူမှုမျိုးမှ မလုပ်ဘဲ အခြေအနေကို စောင့်ကြည့်နေခဲ့ သည်။ တကယ်တမ်း သံဃာထုနောက်တွင် ၂၀၀၇ ခုနှစ် မျိုးဆက်ကျောင်းသားများနှင့် ပြည်သူလူထုပါဝင်လာသော အခါတွင် သံဃာတော်များအား ရိုက်နှက်ဖမ်းဆီးထောင်ချ၍ အကြမ်းဖက် နှိမ်နင်းခဲ့သည်။


ထိုသို့သံဃာတော်များအားဖမ်းဆီးနှိပ်စက်နေသည့် အချိန်တွင်လည်း လူထု၏ဆန္ဒပြပွဲများက ပို၍ ပြင်းထန် မလာဘဲ အကြမ်းဖက်နှိမ်နင်းမှုနောက်ကွယ်တွင် တစတစလျှော့ပါးပျောက်ကွယ်ခဲ့ရသည်။ဗုဒ္ဓဘာသာ နိုင်ငံ တခုတွင် လူအများစု ကိုးကွယ်ဆည်းကပ်နေသော သံဃာတော်များအား နှိပ်စက်ဖမ်းဆီး၍ ထင်သလို လုပ်လို့ ရသွားသောအခါ နအဖအနေနှင့် ဤနိုင်ငံတွင် စိတ်ထင်သလို ပြုလုပ်နိုင်ရန်အတွက် နောက်ဆုံး စူးညှောင့် အနေဖြင့်လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုရှင်းပစ်ရန်သာလိုတော့သောအနေအထားသို့ရောက်ရှိ သွားသည်။ ထိုအခါ နအဖသည် ပထမအဆင့်အနေဖြင့် မိမိတို့စိတ်ကြိုက် ရေးဆွဲထားသောဥပဒေကြမ်းကို အဓမ္မ အတည်ပြုသည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် ၄င်းတို့အနိုင်ရရှိစေရန် အဖက်ဖက်က ပြင်ဆင် ပြီး သောအခါတွင်မတော့ လက်ကျန်အန်အယ်လ်ဒီအင်အားစုများကို အင်အားလျော့ပါးစေရန် ပုဒ်မအမျိုးမျိုး တပ်၍ ဖမ်းဆီးသည်။ အင်အားလျော့ပါးပြီဟု ၄င်းတို့သတ်မှတ်ထားသော အနေအထားအရောက်တွင် အကာ အကွယ်မဲ့သလောက်ဖြစ်နေသော ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင်၍ ဖမ်းဆီးထောင်ချနိုင်ရန် တရားစွဲဆိုလေပြီ။
 

ယခုတကြိမ်တွင်လည်းနအဖအနိုင်ရသွားပါကမြန်မာနိုင်ငံသူနိုင်ငံသားများအနေဖြင့်စစ်ဖိနပ်အောက်မှလွတ်မြောက် နိုင်ရန်မည်သည့်အခါမှမျှော်လင့်မနေပါနှင့်တော့ဟုဘဲဆိုပါရစေ။အဘယ့်ကြောင့်ဆိုသော်ဒေါ်အောင်ဆန်းစုကြည်လို တကမ္ဘာလုံးက အသိအမှတ်ပြုထားသော လူထုခေါင်းဆောင်တဦးကိုပင် ထောင်သွင်းအကျဉ်းချနိုင်ခဲ့ပါက ဤနိုင်ငံတွင် နအဖအား ယှဉ်ပြိုင်ဆန့်ကျင်နိုင်မည့် နောက်ထပ်သော ခေါင်းဆောင်တဦးရရန် နောက်ထပ် ဆယ်စုနှစ် နှစ်စုကြာသည့်တိုင်အောင်ပင် ပေါ်ထွန်းလာရန် မလွယ်ကူပေ။

ထိုအနေအထားကို နားလည်သော နအဖခေါင်းဆောင်ပိုင်းများမှာ ဤတကြိမ်တွင်လည်း ၄င်းတို့ဘက်မှ အနိုင်ရရှိအောင် နည်းမျိုးစုံနှင့် ကြိုးစားပေလိမ့်မည်။ ထိုအခြင်းအရာကို မြန်မာပြည်သူတို့ သိနားလည်ဖို့ လို ပေမည်။ ကြိုတင်သိမြင်နားလည်သော ပြည်သူတို့မှာ တိုင်းပြည်အတွက် နောက်ဆုံးတိုက်ပွဲ နောက်ဆုံး ပေး ဆပ်မှုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ရုံးထုတ်ရာ အင်းစိန်ထောင်ရှေ့လမ်းမပေါ်တွင် နေ့စဉ်နေ့တိုင်း အခက်အခဲအမျိုးမျိုးကြားမှ လူစုကာ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံအားပေးကြောင်း ဆန္ဒဖော်ထုတ် ပြသနေကြသည်။


ဤနောက်ဆုံးတိုက်ပွဲ၏ အရေးကြီးဆုံးအချက်မှာမြန်မာပြည်၏ လူထုခေါင်းဆောင်ကို ပြည်သူ့ထောက်ခံမှု မည်၍ မည်မျှ များပြားကြောင်းကို နအဖတွေ သိရန် ပြည်သူ့ အင်အားပြဖို့  လိုပေသည်။ အန်အယ်လ်ဒီပါတီမှ လူများနှင့် သာ ဆန္ဒဖော်ထုတ်ပြနေလို့မလုံလောက်ပေ။ ကျောင်းသားများ၊ ပြည်သူနှင့် လူတန်းစားအားလုံး ပါဝင်ဆင်နွှဲဖို့ လိုသည်။

ဒေါ်အောင်ဆန်းစုကြည်သာ နအဖလက်တွင်း သက်ဆင်းသွားပါက မြန်မာပြည်သူလူထု၏် ကံကြမ္မာမှာ တွေးဝံ့ဖွယ် ရာရှိတော့မည် မဟုတ်ပါ။ နောက်ဆုံးအနေဖြင့် ပြောပြလိုသည်မှာ သတင်းစာဆရာကြီး အဘဦးဝင်းတင် ပြောသကဲသို့ အန်အယ်လ်ဒီကို ၀န်းရံပါ၊ ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းရံပေးပါ။ အင်းစိန်ထောင်ရှေ့ ဆန္ဒ ဖော်ထုတ်ပွဲသို့သွားရောက်တိုက်ပွဲဝင်ကြပါ။

တတိုင်းပြည်လုံး၏ ကံကြမ္မာသည် သင်တို့  လက်ထဲတွင် ရှိသည်။ နောက်ဆုံးတိုက်ပွဲတွင် အရှူံးကြီး မရှူံးပါစေနှင့်။ မြန်မာ့သမိုင်းတွင် အမဲစက်ကြီး အဖြစ်မခံပါနှင့်။ နောင်မျိုးဆက်များ၏ ကဲ့ရဲ့ ပစ်တင်မှုကို မခံကြရပါစေနှင့်။