Showing posts with label ကြေငြာချက်. Show all posts
Showing posts with label ကြေငြာချက်. Show all posts

Wednesday, October 21, 2009

အခြေခံပညာကျောင်းသားများသမဂ္ဂ ဖွဲ့ စည်းကြောင်း ကြေညာချက် (၁/၂၀၀၉)

ရက်စွဲ။ ။ ၁၈.၁၀.၂၀၀၉
ကျောင်းသား၊ ကျောင်းသူများသည် မိဘပြည်သူများ၏ ရင်သွေးများဖြစ်ကြသည်။ မိဘပြည်သူတို့၏ ဆင်းရဲဒုက္ခ
တို့ သည် ကျောင်းသား၊ ကျောင်းသူတို့၏ ဆင်းရဲဒုက္ခများပင်ဖြစ်သည်။ ယနေဗမာပြည်သူတို့ ရင်ဆိုင်ကြုံတွေ့နေရသော
စီးပွားရေးပြဿနာ၊ လူမှုရေးပြဿနာ၊ နိုင်ငံရေးပြဿနာ အစုံစုံတို့ကို မိဘပြည်သူများနှင့် တအိမ်တည်းနေ ရင်သွေးများ
ဖြစ်ကြသော ကျနော်၊ ကျမတို့ အခြေခံပညာကျောင်းသူ၊ ကျောင်းသားများကလည်း ထပ်တူခံစားနေကြရပါသည်။
အခြေခံပညာကျောင်းများသို့ တက်ရောက်နေရသော်လည်း ကျနော်၊ ကျမတို့မှာ တိုင်းပြည်၏ စီးပွားရေး ပြဿနာ၊
နိုင်ငံရေးပြဿနာများကြောင့်လည်းကောင်း စစ်အစိုးရ၏ ထင်ရာစိုင်းနေသည့် ကမောက်ကမနိုင်လှသော ပညာရေးစနစ်
ကြောင့်လည်းကောင်း ငြိမ်းချမ်းစွာပညာသင်ကြားခွင့်နှင့် နိုင်ငံတကာအဆင့်အတန်းမီစွာ ပညာသင်ကြားခွင့် မရကြပါ။
ပညာရေးစနစ် ယိုယွင်းပျက်စီးနေခြင်းမှာ တိုင်းပြည်၏အနာဂတ်ကို ယိုယွင်းပျက်စီးစေခြင်းပင်ဖြစ်ပါသည်။ ယခုလက်ရှိ
လက်နက်ဖြင့် မတရားသိမ်းပိုက်ထားသော စစ်အစိုးရ အဓမ္မအတည်ပြုပြဌါန်းခဲ့သ ည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည်လည်း
တိုင်းရင်းသားပြည်သူတရပ်လုံး၏ ဒီမိုကရေစီအခွင့်အရေးများကို အာမခံထားခြင်း မရှိရုံသာမက၊ ဒီမိုကရေစီပညာရေး အငွေ့
အသက်မျှပင် မတွေ့ရှိရပါ။
ထို့အပြင် လက်နက်အားကိုး၊ အာဏာအားကိုးဖြင့် စစ်အုပ်စု အမျိုးးအနွယ်များက တိုင်းပြည်၏ စီးပွားရေးကိုပါ လက်ဝါး
ကြီးအုပ် ၀ါးမြိုစားသောက်နေသည့်အတွက် မိမိတို့နိုင်ငံတွင် စီးပွားရေးခြွတ်ခြုံကျနေရပါသည်။ ပြည်သူများမှာ စီးပွားရေး မပြေ
လည်မှုများကြောင့် ကျောင်းနေအရွယ်သားသမီးများမှာ ပညာသင်ကြားနိုင်ခြင်းမရှိကြပါ။ လမ်းဘေးတွင် ကြုံရာကျပမ်း အလုပ်
များဖြင့် အရွယ်မရောက်သေးသော်လည်း မိသားစုဝင်ငွေကို တဖက်တလမ်းက ရှာဖွေပေးနေရသည့် အလုပ်ကို လုပ်ကိုင်
နေကြရသည့် ကလေးအလုပ်သမားများမှာလည်း နိုင်ငံအနှံ့ မမြင်ချင်အဆုံး ဖြစ်နေပါသည်။
ထို့ကြောင့် မိမိတို့ အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားများက မိဘပြည်သူတို့၏အကျိုး၊ ကျောင်းသူ၊ ကျောင်းသား၊
ကျောင်းနေအရွယ် ကလေးအလုပ်သမားများ၏ အကျိုးကိုရှေ့ရှုလျက် ၁၉၈၈-၈၉ ခုနှစ်ကာလက ဒီမိုကရေစီတိုက်ပွဲနှင့်အတူ
ပေါ်ထွန်းလာခဲ့သော အခြေခံပညာကျောင်းသားများသမဂ္ဂ ကို အောက်တိုဘာလ (၁၈) ရက်၊ ၂၀၀၉ ခုနှစ်တွင် ပြန်လည် ဖွဲ့စည်း
လိုက်ကြောင်း ရဟန်း သံဃာ၊ မိဘပြည်သူ၊ ကျောင်းသား ကျောင်းသူများအား အသိပေးကြေညာလိုက်ပါသည်။
မိမိတို့၏ အခြေခံပညာကျောင်းသားများသမဂ္ဂ သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ ၁၉၆၀
ခုနှစ် ဆဌမအကြိမ်ညီလာခံမှ ချမှတ်ခဲ့သည့်မူများကို ဆက်ခံကာ ---
(၁) အမျိုးသားနိုင်ငံရေး(၀ါ) စစ်အာဏာရှင်စနစ်ဆန့် ကျင်ရေး၊
(၂) ဒီမိုကရေစီရေး၊
(၃) ဒီမိုကရေစီပညာရေး၊
(၄) ကျောင်းသားထုအခွင့် အရေးကာကွယ်ရေး၊
(၅) ငြိမ်းချမ်းရေး၊
ဆိုသည့်မူများကိုကိုင်စွဲလျက်၊ ရဟန်း သံဃာများ၊ မိဘပြည်သူများ၊ နောင်တော် ကျောင်းသားသမဂ္ဂများနှင့်အတူ စစ်အာဏာ
ရှင်စနစ် အမြစ်ပြုတ်ပြီး၊ ဒီမိုကရေစီအောင်ပွဲရသည်အထိ လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်ပါသည်။
အခြေခံပညာကျောင်းသားများသမဂ္ဂ
ဆက်သွယ်ရန်။ ။ besunion@gmail.com

Sunday, October 11, 2009

ဗမာနိင်ငံလုံးဆိုင်ရာ ဆေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

နေ့စွဲ ၂ဝ-ဝ၉-၂ဝဝ၉
ဗမာနိင်ငံလုံးဆိုင်ရာ ဆေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂကိုအောက်ဖော်ပြပါ အချက်များဖြင့် ဖွဲ့စည်းလိုက်သည်။

ဆေးတက္ကသိုလ် ကျောင်းသားများ ရရှိသင့်သော အခွင့်အရေးများ ရရှိရေးဆေးပညာအဆင့်အတန်းမြင့်မားလာရေး
လူထုအားကယ်တင်ရေးအခြား ကျောင်းသားများသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန်

အောင်ပြည်စိုး
တာဝန်ခံ
ဗမာနိင်ငံလုံးဆိုင်ရာ ဆေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

Monday, October 5, 2009

နအဖခေါင်းဆောင်ကြီး သန်းရွှေနှင့် မိသားစုအား ဗုဒ္ဓဘာသာအဖြစ်မှ ထုတ်ပယ်ကာ သာသနာဖျက် မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်လိုက်ခြင်း။

နအဖခေါင်းဆောင်ကြီး သန်းရွှေနှင့် မိသားစုအား ဗုဒ္ဓဘာသာအဖြစ်မှ ထုတ်ပယ်ကာ သာသနာဖျက် မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်လိုက်ခြင်း။

ပြည်တွင်းပြည်ပ သိမ်အသီးသီးတွင် ပတ္တနိက္ကုဇ္ဇနကမ္မ၀ါရွတ်ဆို၍ အောင်မြင်စွာ သပိတ်မှောက် နိုင်ခြင်းနှင့် န.အ.ဖ စစ်အုပ်စုတွင် တာဝန်အရှိဆုံး ဦးသန်းရွှေအား ဗုဒ္ဓဘာသာအဖြစ်မှ ထုတ်ပယ်ကာ သာသနာဖျက် မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်သည်။

သံဃာတော်အရှင်သူမြတ်များဘုရား -

န.အ.ဖ စစ်အုပ်စုသည် ၁၉၉၀ ပြည့် ပထမအကြိမ် ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာရွတ်ဆို၍ သတိပေး တားမြစ်ပါသော်လည်း ၀န်ချတောင်းပန်ခြင်း မရှိသည့်အပြင် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ တိပိဋကဓရ ဆရာတော်ကြီးများကိုပင် ထောင်ချနှိပ်စက်သတ်ဖြတ်ခဲ့ပါသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ဒုတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာရွတ်ဆို၍ သတိပေး တားမြစ်ပါသော်လည်း ၀န်ချတောင်းပန်ခြင်း မရှိသည့်အပြင် ကျောင်းတိုက်ပေါင်း ၆၀ ကျော်ကို သူပုန်စခန်းစီးသလို ၀င်စီးကာ သေနတ်နှင့်ပစ်သတ်၊ ၀ါးရင်းဒုတ်နှင့် ရိုက်သတ် အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်သွားကာ ထောင်ချနှိပ်စက်နေသည့်အတွက် ၂၀၀၉ ခု အောက်တိုဘာလ ၃ရက် သီတင်းကျွတ်လပြည့် ပ၀ါရဏာနေ့တွင် ပြည်တွင်း၊ ပြည်ပသိမ်အသီးသီး၌ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာရွတ်ဆိုကာ အောင်မြင်စွာ သပိတ်မှောက် နိုင်ခဲ့ပါသည်။

န.အ.ဖ စစ်အုပ်စုတွင် တာဝန်အရှိဆုံးဖြစ်သော ဦးသန်းရွှေသည် ဗုဒ္ဓဘာသာဝင်မှန်ပါက သံဃာတော်များ တောင်းဆိုထားသော အချက်ကို လိုက်နာရမည် ဖြစ်ပါသည်။ ယခုအခါ မလိုက်နာသည့်အပြင် ဆက်လက်၍ ဖမ်းဆီး၊ ထောင်ချ၊ နှိပ်စက်၊ ညှင်းပမ်း၊ သတ်ဖြတ်နေသည့်အတွက် ဦးသန်းရွှေ+ဒေါ်ကြိုင်ကြိုင်နှင့် သူ၏မိသားစုတစ်ခုလုံးအား ဗုဒ္ဓဘာသာအဖြစ်မှ ထုတ်ပယ်လိုက်သည်။ ဦးသန်းရွှေအား သာသနာကို ဖျက်ဆီးနေသော မိစ္ဆာဒိဋ္ဌိ အဖြစ် သတ်မှတ်လိုက်သည်။

နိုင်ငံတော်ကို အသက်ပေးကာကွယ်စောင့်ရှောက်ရန် တပ်မတော်သို့ ၀င်ရောက်လာကြသော တပ်မတော်သားများအား အထူးမေတ္တာရပ်ပါသည်။

ဦးသန်းရွှေသည် နိုင်ငံတော်ကို အသက်ပေးကာကွယ်ရမည့် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ထားခဲ့သော တပ်မတော်ကို မိမိအာဏာအတွက် အသုံးချကာ သာသနာတော်ကို ဖျက်ဆီးနေသော၊ နိုင်ငံတော်ကို ဖျက်ဆီးနေသော၊ ပြည်သူရွံမုန်းသော တပ်မတော်ကြီးဖြစ်အောင် ဖန်တီးနေပါသည်။ သို့ပါ၍ သာသနာကိုဖျက်၊ နိုင်ငံတော်ကို ဖျက်ဆီးနေသော မိစ္ဆာဒိဋ္ဌိ ဦးသန်းရွှေအား တပ်မတော်မှ ဖယ်ရှားပေးပါရန် တိုက်တွန်းနှိုးဆော်ပါသည်။

ပြည်သူပြည်သားများအား အထူးမေတ္တာရပ်ပါသည်။

မြတ်စွာဘုရားရှင်၏ ၀ိနည်းဥပဒေနှင့်အညီ ပတ္တနိက္ကုဇ္ဇနကမ္မ၀ါရွတ်ကာ သပိတ်မှောက်ထားပါ၍ ၀ိနည်းကံကို လေးစားလိုက်နာခြင်းမရှိသော သံဃာတော်များကို ပစ္စည်းလေးပါး လှူဒါန်းခြင်း မပြုကြပါရန်နှင့် အလှူခံ၍ ၀ိနည်းဥပဒေချိုးဖေါက်ကာ န အ ဖ စစ်အုပ်စုခိုင်းတာ မှန်သမျှလိုက်လုပ်နေသော သံဃာတော်များ၏ ဘွဲ့အမည်၊ မိဘအမည်၊ ကျောင်းအမည်၊ နေရပ်လိပ်စာ အပြည့်အစုံ ရေး၍ ပို့ပေးကြပါရန် တိုက်တွန်းနှိုးဆော်ပါသည်။ န အ ဖ ခိုင်းတာမှန်သမျှ အကုန်လိုက်လုပ်နေသော အလိုတော်ရိ စစ်ဗိုလ်၊ မ ယ က၊ ရ ယ က၊ ကြံ့ဖွတ်၊ စွမ်းအားရှင် စသည့် ပုဂ္ဂိုလ်များ၏ အမည်၊ နေရပ်လိပ်စာအပြည့်အစုံကို အောက်ပါ အီးမေးလ်သို့ ပို့ပေးကြပါရန် တိုက်တွန်းနှိုးဆော်ပါသည်။ ( evillists@gmail.com ) ။

သံဃာတော်များသည် မိမိသာသနာအတွက် နိုင်ငံအတွက် အသက်တွေ ဘ၀တွေ စတေးကာ ထောင်ကျနှိပ်စက်ခံနေကြရပါသည်။ သာသနာ့အာဇာနည်သံဃာတော်များ လွတ်မြောက်ရေးသည် သံဃာတော်များအားလုံးနှင့် ပြည်သူလူထုတစ်ရပ်လုံးတွင် တာဝန်ရှိပါသည်။

သို့ပါ၍မိမိမြို့၊ ရွာရှိ ထင်ရှားသော ဘုရားစေတီပုထိုးများသို့ စုပေါင်းညီညာသွားရောက်ကာ သံဃာတော်များ လွတ်မြောက်ရေးအတွက် သရဏဂုံသုံးပါး ရွတ်ဆိုခြင်း၊ ငါးပါးသီလဆောက်တည်ခြင်း၊ မေတ္တာသုတ်များ ရွတ်ဆိုခြင်း၊ တရားထိုင်ခြင်း နှင့် မိမိပြုသောကုသိုလ်များကို သစ္စာအဓိဋ္ဌာန်ပြုကာ ဆုတောင်းအမျှဝေခြင်းများ ပြုလုပ်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂနှင့် သံဃာသာမဂ္ဂီအဖွဲ့ ။



www.niknayman-niknayman.co.cc

Thursday, September 24, 2009

မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ တပ်ပေါင်းစုအဖွဲ့ ကြီး ၈၈မျိုးဆက်ကျောင်းသားများ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ်

မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ တပ်ပေါင်းစုအဖွဲ့ ကြီး ၈၈မျိုးဆက်ကျောင်းသားများ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ်
စာအမှတ် ။ ။ ၅/၂၀၀၉(မဃတ+၈၈+ဗကသ)
ရက်စွဲ ။ ။ ၂၁.၀၉.၂၀၀၉
နအဖစစ်အစိုးရ၏ တိုင်းရင်းသားလူမျိုးစု အရေးကိစ္စများကို အကြမ်းဖက်ဖြေရှင်းခြင်းအား ကန့် ကွက်ခြင်းနှင့်  မြန်မာပြည်သူလူထုတရပ်လုံးက လက်မခံသော၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေအား ၂၀၁၀ရွေးကောက်ပွဲဖြင့်  အဓမ္မအသက်သွင်းခြင်းကို ရပ်တန့် ရန်တောင်းဆိုခြင်း
(၁) ဩဂုတ် လကုန်ပိုင်းက ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသတွင်ဖြစ်ပွားခဲ့သော စစ်ပွဲများက နအဖစစ်အုပ်စု နှင့် တိုင်း
ရင်းသားတော်လှန်ရေး အဖွဲ့များအကြားထားရှိခဲ့သည့် အနှစ် ၂၀ ကျော်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီ
ချက်များအပေါ် နအဖ၏ မမှန်ကန်သော သဘောထားကို ဖော်ပြလိုက်ခြင်းပင် ဖြစ်သည်။ ထို့ပြင် နအဖက
ကိုးကန့်တပ်ဖွဲ့များအား အင်အားသုံးနှိမ်နင်းပြီး ကိုးကန့်ဒေသအား သိမ်းပိုက်ပြလိုက်ခြင်းဖြင့် အခြားသော တိုင်းရင်း
သား အပစ်ရပ်အဖွဲ့များအားလည်း "နအဖ လက်အောက်ခံ ဖြစ်ရေး နှင့်  အချေမှုန်းခံရေး" လမ်းတခုခုအား ပြတ်ပြတ်
သားသား ရွေးချယ်ရန် ခြိမ်းခြောက်လိုက်ခြင်း ဖြစ်ပါသည်။
(၂) ငြိမ်းချမ်းရေး ဆိုသည်မှာ သက်ဆိုင်သူများ အားလုံး အပြန်အလှန် လေးစားယုံကြည်မှု၊ အခြေခံရိုးသားမှု ၊ နား
လည်မှု ၊ ဆွေးနွေးညှိနှိုင်းမှု များ ဖြင့် စိတ်ရှည်လက်ရှည် တည်ဆောက်ရမြဲ ဖြစ်သည်၊ တည်ရှိပြီးသော ငြိမ်းချမ်း ရေးကို
အရှည်တည်တံ့အောင် ကြိုးပမ်းထိန်းသိမ်းရန်မှာလည်း ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသူတိုင်း၏ တာဝန်
ဖြစ်သည်။
ကိုးကန့်ဒေသတွင်ဖြစ် ပျက်ခဲ့သည့် အကြမ်းဖက်မှုများက နအဖ စစ်အစိုးရ အနေဖြင့် အနှစ် ၂၀ ကျော်
ကြာမြင့်ခဲ့သော အပစ်အခတ်ရပ်စဲရေး ကတိက၀တ်များကို လုံးဝတန်ဘိုးမထားဘဲ တဖက်သတ်ဖျက်ဆီးလိုက်ပြီ
ဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးစုများအရေး နှင့် နိုင်ငံရေးကိစ္စများကို တွေ့ဆုံဆွေးနွေးဖြေရှင်းရန် ဆန္ဒမရှိပဲ အကြမ်း
ဖက် အင်အားသုံးသည့်နည်းဖြင့်သာ ဖြေရှင်းရန်ဆန္ဒရှိကြောင်း ထင်ရှားလှပေသည်။
(၃) နအဖစစ်အစိုးရမှ တိုင်းရင်းသား အပစ်ရပ်အဖွဲ့များအား လက်နက်စွန့်၍ ရွေးကောက်ပွဲဝင်ရေး ပြင်ဆင်ကြရန်
ဖိအားပေးလျက် ရှိပါသည်။ တိုင်းရင်းသား အပစ်ရပ်အဖွဲ့များမှလည်း ၎င်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့များကို နအဖ
လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် အသွင်ပြောင်းရန် ငြင်းဆန်လျက်ရှိပြီး နအဖ ၏ ၂၀၁၀ ရွေး
ကောက်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ရန် ဆန္ဒမရှိကြသည်ကို မိမိတို့ တွေ့မြင်ကြားသိနေရပါသည်။
(၄) တိုင်းရင်းသား အပစ်ရပ်အဖွဲ့များ လက်နက်စွန့်ရန်ငြင်းဆန်နေခြင်း နှင့် ရွေးကောက်ပွဲဝင်ရန် ဆန္ဒမရှိကြခြင်း
တို့၏ အဓိကအကြောင်းရင်းများမှာ နအဖ ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် လူမျိုးစုများ ရသင့်ရထိုက်သော
ရပိုင်ခွင့်များနှင့် ပြည်ထောင်စုကြီးအတွင်း တန်းတူညီမျှ နေထိုင်ခွင့်များကို လုံးဝအာမခံနိုင်မှု ကင်းမဲ့နေခြင်း
ကြောင့်ဖြစ်သည်။
ထို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုတိုင်းရင်းသားများ မဟာမိတ်အဖွဲ့ကြီး နှင့် တိုင်းရင်း
သား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များသည် ရသင့်ရထိုက်သော ရပိုင်ခွင့်များ နှင့် ပြည်ထောင်စုကြီးအတွင်း
တန်းတူညီမျှ နေထိုင်ခွင့်များ ၊ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးများကို စစ်စစ်မှန်မှန် အာမခံနိုင်ရေးအတွက် ၂၀၀၈ ဖွဲ့
စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို တောင်းဆိုနေကြခြင်းဖြစ်သည်။
(၅) ဤသို့ မြန်မာနိုင်ငံတဝှမ်းရှိ တိုင်းရင်းသားပြည်သူ တရပ်လုံးက နအဖ တဖက်သတ်ရေးဆွဲအတည်ပြုထားသော
ရာသက်ပန်စစ်အာဏာရှင်စနစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံ၊ ကန့်ကွက်နေချိန်တွင်၊ နအဖမှ အကြမ်း
ဖက်မှုများ၊ စစ်အင်အားသုံး အနိုင်ကျင့်မှုများ၊ မတရားဖမ်းဆီးချုပ်နှောင်မှုများ ဖြင့် ယင်းအခြေခံဥပဒေကို အသက်သွင်း
ရန်အတွက် ရွေးကောက်ပွဲကျင်းပနိုင်ရေးကိုသာ ကြိုးပမ်းနေပါသည်။ ဤသို့ အဓမ္မကြိုးပမ်းနေမှုများကို ရပ်တန်းကရပ်
ရန် မိမိတို့မှ တောင်းဆိုသည်။
(၆) နအဖစစ်အစိုးရ အနေဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန်၊ နိုင်ငံတဝှမ်း
အပစ်အခတ် ရပ်စဲရန် နှင့် စစ်ပြင်နေမှုများအား ရုတ်သိမ်းရန် ၊ တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ တိုင်းရင်း
သား လူမျိုးစုများအရေး ကိစ္စအရပ်ရပ်ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊
တိုင်းရင်းသားကိုယ်စားလှယ်များ စသည့်သက်ဆိုင်သူအားလုံးတို့နှင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖြေရှင်း
သွားရန် မိမိတို့မှ တောင်းဆိုသည်။
(၇) နအဖ၏ အင်အားသုံး အကြမ်းဖက်မှုများက ပြည်တွင်းငြိမ်းချမ်းရေးကို ပျက်ဆီးစေရုံသာမက ၊ ဒေသတခုလုံး ၏
လုံခြုံရေး နှင့် တည်ငြိမ်ရေးကိုလည်း ပျက်ပြားစေပါသည်။ နအဖ၏ တိုင်းရင်းသားအပစ်ရပ် အဖွဲ့များအပေါ် ဆက်
လက် အကြပ်ကိုင်ဖိအားပေး တိုက်ခိုက်နေမှုများကြောင့် တိုင်းရင်းသားပြည်သူများ၏ အသက်၊ အိုးအိမ်၊ ဥစ္စာ ပစ္စည်း
ပျက်ဆီးဆုံးရှုံးရမှုများ၊ ဒေသတွင်း မလုံခြုံမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဒုက္ခသည်ပြဿနာများ ယခုထက်
ပိုမိုကြီးမားစွာ ဖြစ် ပေါ်လာမည် ဖြစ်သည်။
(၈) သို့ပါ၍ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ထွန်းကားရေး၊ တိုင်းရင်းသားလူမျိုးစုများအားလုံး
တန်းတူညီမျှရေး နှင့် ကိုယ်ပိုင်ပြဌါန်းခွင့်ရရေးတို့အတွက် မိမိတို့အနေဖြင့် တိုင်းရင်းသား ပြည်သူလူထုတရပ်လုံး နှင့်
အတူ လက်တွဲကာ ဆက်လက်လှုပ်ရှားသွားကြမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ထို့အတူ နအဖ၏ အကြမ်းဖက်မှုများ နှင့် တဖက်သတ် လုပ်ငန်းစဉ်များအား တားဆီးရန်နှင့် ငြိမ်းချမ်းစွာတွေ့ဆုံ
ဆွေးနွေးဖြေရှင်းရေး ပေါ်ထွန်းလာစေရန် ဒေသတွင်းနိုင်ငံများအပါအ၀င် နိုင်ငံတကာမိသားစုကြီးအနေဖြင့် ထိထိ
ရောက်ရောက် ၀ိုင်းဝန်းကူညီပေးကြရန် နှင့် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှလညှ်း အချိန်မီ အကျိုးသက်
ရောက်မှုရှိရှိ ဝင်ရောက် ဆောင်ရွက်ပေးစေလိုကြောင်း မိမိတို့မှ အလေးအနက်ပန်ကြားလိုက်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့ကြီး
၈၈ မျိုးဆက်ကျောင်းသားများ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ် __

ရွှေဝါရောင်တော်လှန်ရေး နှစ်နှစ်ပြည့် အထိမ်းအမှတ် သံဃာထု၏ လှုပ်ရှားမှုများအား ကျောင်းသား၊ ပြည်သူများမှ ထောက်ခံကြောင်း ကြေငြာခြင်း

ရွှေဝါရောင်တော်လှန်ရေး နှစ်နှစ်ပြည့် အထိမ်းအမှတ် သံဃာထု၏ လှုပ်ရှားမှုများအား
ကျောင်းသား၊ ပြည်သူများမှ ထောက်ခံကြောင်း ကြေငြာခြင်း
၈၈ မျိုးဆက်ကျောင်းသားများ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ်

စာအမှတ် - ၁/၂၀၀၉ (၈၈+ဗကသ)
ရက်စွဲ - ၁၄.၀၉.၂၀၀၉
(၁) မြန်မာနိုင်ငံ ပြည်သူများ၏ ဒီမိုကရေစီနှင့် လူအခွင့်အရေး လှုပ်ရှားမှုသမိုင်းတွင် ဂုဏ်ယူစရာအကောင်းဆုံးနှင့် စစ်အာဏာရှင်စံနစ်၏
အဆိုးဝါးဆုံး အကြမ်းဖက်မှုအဖြစ် မှတ်တမ်းတင်ရမည့် သံဃာထု ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေးကြီးသည် မကြာခင်တွင်
နှစ်နှစ် တင်းတင်းပြည့်တော့မည်ဖြစ်သည်။
(၂) ယင်းအချိန်အခါ သမယတွင် ကျဆုံးသွားခဲ့ကြသော သံဃာတော်များ၊ အကျဉ်းကျနေကြသော သံဃာတော်များ၏ မပြည့်ဝခဲ့သော
ဆန္ဒများကို အကောင်အထည်ဖော်ရန် ဆက်လက်ကြိုးစားဆောင်ရွက်နေကြသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးနှင့်
သံဃာတော်များကို ကျွန်ုပ်တို့ ကျောင်းသား၊ ပြည်သူများက တခဲနက် ထောက်ခံကြောင်း ကြေငြာလိုက်သည်။ တိုင်းသူပြည်သားများ၏
ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် သာယာဝပြောရေးအတွက် မိမိတို့၏ လုံခြုံရေးနှင့် အသက်အန္တရာယ်ကို မငဲ့ကွက်ပဲ
လှုပ်ရှားနေကြသော သံဃာထု၏ တရားမျှတသော လှုပ်ရှားမှုများအား ကျွန်ုပ်တို့ ကျောင်းသား၊ ပြည်သူများက ညီညွတ်စွာ ပူးပေါင်း
ကူညီသွားမည်ဖြစ်သည်။
(၃) နအဖ အစိုးရမှ သွေးရူးသွေးတန်းဖြင့် မြန်မာနိုင်ငံတဝန်းမှ သံဃာထုအပေါ် တင်းကြပ်သော စည်းကမ်းများ သတ်မှတ်ခြင်း၊
ကျောင်းတိုက်များမှ မောင်းထုတ်ခြင်း၊ အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ မတရား ထောင်ချခြင်းများကို ကျွန်ုပ်တို့မှ ပြင်းထန်စွာရှုံ့ချပြီး ယင်း
မတရားမှုများအား ရပ်တံ့ရန် တောင်းဆိုသည်။
(၄) ပြဿနာများကို အင်အားသုံး အကြမ်းဖက် ဖြေရှင်းခြင်းဖြင့် အောင်မြင်မှုမရနိုင်ပါ၊ ပြည်သူလူထုတရပ်လုံး၏ နိုင်ငံရေး၊ စီးပွါးရေး၊
လူမှုရေး၊ တိုင်းရင်းသားအခွင့်အရေး စသည့် အထွေထွေ မကျေနပ်မှုများကို အစိုးရအာဏာကို ရယူထားသော နအဖ စစ်အုပ်စုအနေဖြင့်
အကြမ်းမဖက်ပဲ ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းရန် ကျွန်ုပ်တို့မှ အလေးအနက်တောင်းဆိုသည်။
(၅) သို့ပါ၍ အချိန်မနှောင်းခင် နအဖမှ ၎င်းတို့ ကျူးလွန်ခဲ့သော နိုင်ငံနှင့် သာသနာကို စော်ကားခဲ့မှုများအတွက် သံဃာထုအား ဝန်ချ
တောင်းပန်ပြီး၊ ဖမ်းဆီးချုပ်နှောင်ထားသော သံဃာတော်များ၊ သီလရှင်များ၊ နိုင်ငံရေးအကျဉ်းသားများအားလုံးကို အမြန်ဆုံး ပြန်လွှတ်
ပေးပါရန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပြီး မြန်မာနိုင်ငံ၏ပြဿနာများကို
ငြိမ်းချမ်းစွာ ဖြေရှင်းသင့်ကြောင်း အကြံပြုအပ်ပါသည်။
ရွှေဝါရောင်တော်လှန်ရေး နှစ်နှစ်ပြည့် အထိမ်းအမှတ် သံဃာထု၏ လှုပ်ရှားမှုများအား
ကျောင်းသား၊ ပြည်သူများမှ ထောက်ခံကြောင်း ကြေငြာခြင်း
၈၈ မျိုးဆက်ကျောင်းသားများ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ်

ဆက်သွယ်ရန် - 88gstudent@gmail.com , abfsu.07@gmail.com

Friday, September 11, 2009

ကြေငြာချက်


ယခုဆောင်ရွက်မည့် တတိယအကြိမ်သပိတ်အတွက် လှုပ်ရှားမှု့တိုင်း၊ ဆောင်ရွက်မှု့တိုင်းတွင် မြန်မာနိုင်ငံလုံးဆိုရာ သံဃာ့တပ်ပေါင်းစုကြီးနှင့်အတူ လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့မှ လိုက်လံ စည်းရုံးဟောပြောပေးခြင်း၊ထုတ်ပြန်ကြေငြာချက်များ ဝေငှပေးနေခြင်းများအား ပူးပေါင်းလုပ်ဆောင်နေပါသဖြင့် ယနေ့မှ စတင်ပြီး သံဃာ့တပ်ပေါင်းစုကြီးနှင့်အတူ အကောင်းဆုံး မြေသြဇာ အဖွဲ့တို့သည် နအဖ ဆန့်ကျင်စာဝေခြင်း၊သံဃာ့လှုပ်ရှားမှု့များ ပေါ်ပေါက်လာအောင် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားဆောင်ရွက်နေခြင်းများအပြင် လှုပ်ရှားမှု့တိုင်းတွင် ပူးပေါင်း ပါဝင် ဆောင်ရွက် လှုပ်ရှားနေပြီ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ပြည်သူလူထုကြီးအနေနှင့်လည်း သံဃာတော်များ၏ မည်သည့်လှုပ်ရှားမှု့များကို မဆို အားပေး ဝန်းရံ ပါဝင်လှုပ်ရှားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ သံဃာထုကြီးအနေနှင့်လည်း နအဖ စစ်အာဏာရှင်တစု ၏ အလိမ်အညာ များကို မယုံစားကြပဲ ဘုရားသားတော် သံဃာတော်အချင်းချင်း ကျဉ်ဖယ်ခြင်းမှ လွတ်ကင်းစေခြင်းငှါ ဘုရားတပည့်တော်တို့နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လှုပ်ရှားစေလိုပါတယ်။ မျိုးချစ်တပ်မတော်သားများ၊ပြည်သူ့ရဲများ၊ကြံဖွံ့အဖွဲ့ဝင်များနှင့်စွမ်းအားရှင် အားလုံးတို့မှလည်း မိမိတို့သည် နအဖ စစ်အာဏာရှင်တစု ၏ အမိန်ပေးခိုင်းစေမှု့ကြောင့် ဘုရားသားတော် သံဃာတော်တွေကို ရိုက်နှက်ပစ်သတ် ဖမ်းဆီးထောင်ချခြင်းအလုပ်များ ပြုလုပ်နေရခြင်း၊မိဘတို့ရဲ့ရင်နှင့်သည်းချာ သားသမီးရတနာများကို ရိုက်နှက်ပစ်သတ်ဖမ်းဆီးထောင်ချနေရခြင်း၊လူထုတရပ်လုံး ဆင်းရဲမွဲတေနေလို့ ဆန္ဒဖေါ်ထုတ်ရာတွင်လည်း ရိုက်နှက်ပစ်သတ်ဖမ်းဆီထောင်ချနေရခြင်း အလုပ်များသည် ကောင်းသော အလုပ်လား ၊ ဆိုးသော အလုပ်လား ဆိုတာ ကို သိရှိကြပြီး ဦးဇင်းတို့ သံဃာထုလှုပ်ရှားမှု့များတွင် ကျန် တက်ကြွ အဖွဲ့ဝင်များနှင်အတူ ကျန် လူထုတရပ်လုံးနှင့်အတူ ပြည်သူလူထုဘက်မှ ရပ်တည်သော နိုင်ငံသားကောင်း၊ပြည်သူ့သားကောင်း အဖြစ် ခံယူကာ ပူးပေါင်းပါဝင် လှုပ်ရှားကြဖို့ အတွက်တိုက်တွန်းနိုးဆော်လိုက်သည်။
- တတိယ အကြိမ် သံဃာ့ သပိတ် အောင်မြင်ရမည်။- မည်သည့်စစ်အာဏာရှင်မှ လူထုကို မအုပ်ချုပ်စေရ။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး
သံဃာတပ်ပေါင်းစု အဖွဲ့ခွဲ ( ၁ / ၂ / ၃ )_

တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ပွဲအမေးအဖြေ


မတရားဖမ်းဆီးထားသော သံဃာတော်များအား လွှတ်ပေးရန်နှင့် သံဃာတော်များအပေါ်
သတ်ဖြတ်စော်ကားထားမှုများကို နအဖစစ်အစိုးရအာဏာပိုင်များက
အမြန်ဆုံးတောင်းပန်ရန်နှင့် မလိုက်နာပါက လာမည့်သီတင်းကျွတ်လပြည့် (၁၅)
ရက်၊ (၃-၁၀-၂၀၀၉)၊ သံဃာပ၀ါရဏာပွဲနေ့ တွင် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်
သပိတ်မှောက်မည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက
ကြေညာချက်ထုတ်ပြန်ထားသည်။ အဆိုပါကြေညာချက်နှင့် ပတ်သက်၍ ယင်းအဖွဲ့မှ
နိုင်ငံခြားရေးရာတာဝန်ခံ အရှင်ဣဿရိယနှင့် ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက်။

မေး။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက
ဘာရည်ရွယ်ချက်နဲ့ တတိယအကြိမ် သပိတ်မှောက်ကံဆောင်ဖို့ ကြေညာချက်
ထုတ်ရတာပါလဲဘုရား။

ဖြေ။ ။ ၁၉၉၀ သပိတ်တုန်းက မန္တလေးမှာ ဆရာတော်ကြီးတွေက ဦးဆောင်ပြီး
သပိတ်မှောက်ခဲ့တယ်လေ။ အဲဒီမှာလည်း စစ်အစိုးရက သပိတ်မှောက်ကံကို
ကျူးလွန်လိုက်ပြီး သတ်ဖြတ်တာတွေ လုပ်ခဲ့တယ်။ အဲဒီမှာလည်း သူတို့က
ပြန်လည်ပြီး မတောင်းပန်တဲ့အပြင် ဆရာတော်ကြီးကိုယ်တိုင်ကို ထောင်ချတာ၊
နှိပ်စက်တာ၊ ကျောင်းတိုက်တွေကို စီးနင်းတာတွေ လုပ်ခဲ့တယ်။ အဲဒါတွေကို
ပြန်မတောင်းပန်တဲ့အတွက်ကြောင့် အဲဒီကတည်းက သပိတ်က မလှန်ရသေးဘူး။ သူတို့
သပိတ်မှောက်ကံကို ဆက်ကျူးလွန်တယ်ပေါ့။ ဒါပေမယ့် အဲဒီတုန်းက ဘယ်သူမှ
ထပ်ပြီးမလုပ်နိုင်ခဲ့ဘူး။ သပိတ်မလှန်သေး ပေမယ့် ငြိမ်နေခဲ့ကြရတယ်။
နောက်တခါ သူတို့က ၂၀၀၇ စက်တင်ဘာမှာ ဦးဇင်းတို့သံဃာတွေ
ငြိမ်းငြိမ်းချမ်းချမ်း မေတ္တာပို့ လမ်းလျှောက်တာကို သူတို့ကနေပြီးတော့
ဓာတ်တိုင်မှာကြိုးနဲ့တုပ်၊ ခေါင်းရိုက်ဆိုတဲ့အခါကျတော့ သပိတ်မှောက်ကံကို
ထပ်ကျူးလွန်တဲ့အတွက်ကြောင့် သံဃာတော်တွေကနေပြီးတော့ သူတို့ကို
ထပ်ပြီးတော့ ဒုတိယအကြိမ် သပိတ်မှောက်ခဲ့တယ်။ အဲဒီမှာလည်း သူတို့က
ပြန်ပြီးတော့ သံဃာတွေကို မတောင်းပန်တဲ့အပြင် ထပ်ပြီးတော့တခါ ပစ်သတ်တာ၊
ကျောင်းတိုက်တွေကို သူပုန်စခန်းစီးသလိုလုပ်တာ၊ ဒါတွေကို သူတို့က
ထပ်ပြီးတော့ကျူးလွန်တယ်။ အဲဒီလိုမျိုး ကျူးလွန်ခဲ့တဲ့အတွက်ကြောင့်
ဦးဇင်းတို့က ဒီလိုတော့မဖြစ်ဘူး၊ ငါတို့သာသနာကို သူတို့ကနေပြီးတော့
အမြဲတမ်းပဲ စော်ကားချင်သလိုစော်ကား၊ လုပ်ချင်တိုင်း လုပ်နေရင်
ဘုရားရဲ့သာသနာဟာ အင်မတန်မှနစ်နာတယ်၊ သံဃာတွေလည်း နစ်နာတယ်။ အခုဆိုရင်
သံဃာတွေဟာ ထောင်ထဲမှာ အပြစ်မရှိဘဲနဲ့ နေနေရတာဟာ ကျန်သံဃာတွေအားလုံးအတွက်
ဝမ်းနည်းစရာလည်းကောင်းတယ်၊ ရင်နာစရာလည်းကောင်းတယ်။ အဲတော့ တတိယအကြိမ်
ဒီသံဃာတော်တွေပြန်လွတ်ဖို့ ငါတို့မှာတာဝန်ရှိတယ်။ အသတ်ဖြတ်ခံလိုက်ရတဲ့၊
အနှိပ်စက်ခံထားရတဲ့ သံဃာတော်တွေရဲ့ကိုယ်စား
လုပ်ပေးဖို့တာဝန်ရှိတယ်လို့ယူဆပြီး ပြည်တွင်းပြည်ပသံဃာတော်တွေ
အကုန်လုံးပေါင်းစည်း စည်းဝေးတိုင်ပင်ပြီးတော့ ငါတို့
မြတ်စွာဘုရားချမှတ်ထားတဲ့ ၀ိနည်းများနဲ့ညီတဲ့ ဒီ တတိယအကြိမ် သပိတ်တော့
ဆင်နွှဲမှဖြစ်မယ်ဆိုပြီးတော့ ဦးဇင်းတို့ လာမယ့် သီတင်းကျွတ်လပြည့် (၁၅)
ရက်၊ (၃-၁၀-၂၀၀၉) စနေနေ့ ပ၀ါရဏာနေ့ကို အတည်ပြုပြီး ပတ္တနက္ကုဇ္ဇနကံဆောင်
သပိတ်မှောက်ဖို့ ရွေးချယ်ခဲ့ကြခြင်း ဖြစ်ပါတယ်။

မေး။ ။ ဘာကြောင့် အခုလို ပ၀ါရဏာနေ့ကိုမှ ရွေးချယ်ပြုလုပ်တာပါလဲ ဘုရား။

ဖြေ။ ။ အဲဒါကတော့ ပ၀ါရဏာပွဲဆိုတာ သံဃာတော်တွေကိုယ်တိုင်ပင် တပါးနဲ့တပါး
အပြစ်တွေရှိရင် ဆုံးမပါ၊ ပြောဆိုပါဆိုပြီး
ဝန်ချတောင်းပန်ကြရတဲ့ပွဲဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်အများကလည်း
ဒါကိုအတုယူပြီးတော့ သီတင်းကျွတ်လို့ရှိရင် လူကြီးသူမ မိဘတွေကို
ကန်တော့ကြတယ်၊ တောင်းပန်ကြတယ်၊ အပြစ်တွေကို ၀န်ချကြတဲ့ အစဉ်အလာရှိပါတယ်။
ပြီးတော့ ပ၀ါရဏာနေ့မှာ ဆိုလို့ရှိရင် သံဃာတော်တွေအားလုံးဟာ
စည်းရုံးညီညွတ်စွာနဲ့ သိမ်တွေအသီးသီးမှာ တမြို့နယ်ကို
မိမိတို့ရဲ့ပ၀ါရဏာပြုရာ ဂိုဏ်းဌာနကြီးတွေကို အကုန်လုံးစုပြီးတော့
ပ၀ါရဏာပြုကြရပါတယ်။ အဲတော့ သံဃာတော်အားလုံး ကလည်း ညီညီညွတ်ညွတ်နဲ့
စုစည်းတဲ့အချိန်တချိန်ကို ပြောပါဆိုရင် တနှစ်မှာ
ပ၀ါရဏာပြုတဲ့အချိန်တချိန်ပဲ ရှိပါတယ်။ အဲဒါကြောင့်မို့
အားလုံးစုစည်းညီညာတဲ့အချိန်မှာ ငါတို့သံဃာတော်တွေပင် တပါးနဲ့တပါး
ဝန်ချတောင်းပန်ကြသေးတာ၊ နအဖစစ်အစိုးရအနေနဲ့လည်းပဲ
သူတို့ကျူးလွန်ထားတဲ့အပြစ်တွေကို သေချာကျနလာပြီးတော့ တောင်းပန်မယ်၊
ဆရာတော်တွေကို ပြန်လွှတ်မယ်ဆိုလို့ရှိရင် ဒီအချိန်ဟာ ဗုဒ္ဓဘာသာကောင်းလို့
သူတို့ကိုယ်သူတို့ ဟစ်ကြွေးနေကြတဲ့ သူတွေအနေနဲ့ လာပြီးတော့
တောင်းပန်ရမယ်၊ သံဃာတော်တွေကို လွှတ်ပေးရမယ်။ နိုင်ငံကြီးပြေလည်တဲ့အထိ
သွားရမယ်ဆိုတဲ့ ဒီလိုရည်ရွယ်ချက်တွေနဲ့ ဦးဇင်းတို့က ပ၀ါရဏာနေ့ကို
ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။

မေး။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးရဲ့
တောင်းဆိုချက်ကို နအဖစစ်အစိုးရက လိုက်နာလိမ့်မယ်လို့ ထင်ပါသလားဘုရား။

ဖြေ။ ။ ဒါကတော့ နှစ်ပိုင်းရှိပါတယ်။ နှစ်ပိုင်းဆိုတာက
ဦးဇင်းတို့သံဃာတော်တွေ လုပ်ရမယ့်အပိုင်းနဲ့ စစ်အစိုးရ
လုပ်ရမယ့်အပိုင်းဆိုပြီး ရှိပါတယ်။

ဦးဇင်းတို့သံဃာတော်တွေက မြတ်စွာဘုရားချမှတ်ထားတဲ့ ၀ိနည်းကံတွေနဲ့ညီလာရင်
မြတ်စွာဘုရားရဲ့ အာဏာဒေသနာတော် ခေါ်တယ်။ ဒါမလုပ်မဖြစ်လုပ်ရပါတယ်။
ပတ္တနိက္ကုဇ္ဇနကံဆိုတာလည်း မြတ်စွာဘုရားလက်ထက်ကတည်းက လိစ္ဆ၀ီမင်းသားက
သံဃာတော်တွေကို စော်ကားခဲ့တဲ့အတွက်ကြောင့် မြတ်စွာဘုရားက အချက် (၈)
ချက်ထုတ်ပေးထားခဲ့တယ်။ ဒီအချက်တွေနဲ့ ညီလာလို့ရှိရင် မင်းတို့သာသနာမှာ
မခံကြနဲ့၊ ပတ္တနိက္ကုဇ္ဇနကံ ကမ္မ၀ါကိုရွတ်ဆိုပြီးတော့ ကျူးလွန်တဲ့သူတွေကို
သပိတ်မှောက် ကံဆောင်ရမယ်လို့ မြတ်စွာဘုရားက အမိန့်အမှာရှိခဲ့တယ်။
ဝိနည်းဥပဒေတော်ရှိခဲ့တဲ့အတွက်ကြောင့် ဦးဇင်းတို့သံဃာတော် တွေက
မြတ်စွာဘုရားရဲ့ဝိနည်းကျင့်ဝတ်ကို လေးစားလိုက်နာရမယ့်၊
မဖြစ်မနေလုပ်ဆောင်ရမယ့် သာသနာ့ဝန်ထမ်းတွေရဲ့ အလုပ်တခုဖြစ်ပါတယ်။
ဒါကြောင့် နအဖစစ်အစိုးရအနေနဲ့ သံဃာတော်တွေအပေါ် ကျူးလွန်စော်ကားခဲ့တာဟာ
သာသနာတော်ကို စော်ကားရာရောက်နေတဲ့အတွက်ကြောင့်
မြတ်စွာဘုရားရဲ့ဝိနည်းကံနဲ့အညီ သံဃာတော်တွေစုပေါင်းပြီး
ဆုံးဖြတ်ကြတာဖြစ်ပါတယ်။ ဒါကသံဃာတော်တွေ လုပ်ရမယ့်အပိုင်းဖြစ်ပါတယ်။

စစ်အစိုးရအနေနဲ့ လုပ်ရမယ့်အပိုင်းက သူတို့အပိုင်းဖြစ်တယ်။ ဦးဇင်းတို့က
ဒီလိုလုပ်ရတာကလည်း ဆက်ပြီးတော့ အကုသိုလ်တွေ ကျူးလွန်နေကြရင်
မဟာအ၀ီစိငရဲကို ကျသွားနိုင်ကြတယ်။ ဒါကြောင့် ဒီလို ပတ္တနိက္ကုဇ္ဇနကံနဲ့
သတိပေးလိုက်ရင်၊ သူတို့လည်း လာပြီးတောင်းပန်လိုက်ရင်၊ ဆက်ပြီးတော့
အကုသိုလ်ကံတွေ မကျူးလွန်တော့ဘူးဆိုရင် သာသနာတော်အတွက်
အင်မတန်ဝမ်းမြောက်ဖွယ်ရာဖြစ်တယ်၊ နိုင်ငံကြီးလည်း ကျကျနန ပြေလည်သွားမယ်။
သူတို့ရဲ့အပိုင်းက သူတို့တတွေသည် ဗုဒ္ဓဘာသာကောင်းလို့
ယနေ့ဟစ်ကြွေးနေကြတဲ့အတွက်ကြောင့် တကယ်မှန်လို့ရှိရင် ဒီလုပ်ရပ်ဟာ
မြတ်စွာဘုရားချမှတ်ထားတဲ့ လုပ်ရပ်ဖြစ်တယ်။ တရားတော်တွေရဲ့လုပ်ရပ်ဖြစ်တယ်။
သံဃာတော်တွေရဲ့ လုပ်ရပ်ဖြစ်နေတဲ့အတွက်ကြောင့် သူတို့ဟာ ဒါကိုကျကျနန
လိုက်နာဖို့လိုပါတယ်။

မေး။ ။ မြတ်စွာဘုရားချမှတ်ထားတဲ့ သပိတ်မှောက်ကံဆောင်ဖို့ အင်္ဂါ (၈)
ချက်က ဘာတွေပါလဲဘုရား။

ဖြေ။ ။ မြတ်စွာဘုရားက သပိတ်မှောက်ကံဆောင်ဖို့အတွက် ချမှတ်ထားတဲ့အချက်
(၈) ချက်ရှိပါတယ်။ အဲဒီ (၈) ချက်ထဲက တချက်ချက်ညီခဲ့ရင်တောင်မှပဲ
သပိတ်မှောက်ကံဆောင်လို့ရပါတယ်။ အခုကတော့ (၈) ချက်စလုံးနဲ့ ညီနေပါတယ်။
အဲဒါတွေ ကတော့ နံပါတ် (၁) က ရဟန်းတို့အား လာဘ်မရအောင်
ပြု၏ဆိုတဲ့အချက်ပါ။ သံဃာတော်တွေကို ပစ္စည်းလေးပါးတွေ လိုက်ပိတ်တာပေါ့။
သပိတ်မှောက်ကံဆောင်တဲ့ ကျောင်းတွေကို မသွားရအောင်၊ ဗုဒ္ဓဘာသာဝင်တွေ
လာလှူတာတွေကို မလှူနဲ့၊ လက်မခံနဲ့။ အန်အယ်လ်ဒီရုံးတွေက
ပင့်ဖိတ်တာမျိုးတွေကို မကြွရဆိုတဲ့ အမိန့်တွေထုတ်တာဟာ သံဃာတော်တွေရဲ့
လာဘ်လာဘကို ဖျက်ဆီးခြင်းဖြစ်ပါတယ်။ (၂) အချက်က သံဃာတော်တွေကို
နေရာမရအောင်လုပ်တာပေါ့။ နေမြဲကျောင်း မနေရအောင် ပြု၏ ဆိုတဲ့အချက်ပါ။
အများသိတဲ့အတိုင်းပဲ သံဃာတော်တွေဟာ ကျောင်းတိုက်တွေမှာ မနေရဲတော့ဘူး။
တခြားတိုင်းပြည်တွေကို ထွက်ပြေးနေရတယ်၊ တချို့လူဝတ်တွေလဲနေရတယ်၊
တချို့ပုန်းရှောင်နေကြရတယ်။ နောက် နံပါတ် (၃) အချက်က ရဟန်းတို့ကို
ဆဲရေးကြိမ်းမောင်း၏ ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒါလည်း
အားလုံးမြင်ကြတဲ့အတိုင်းပါပဲ၊ သံဃာတော်တွေကို လိုက်ခြိမ်းခြောက်တဲ့အတွက်
ကျောင်းတိုက်တွေထဲ မနေရဲ ဖြစ်နေကြရပါတယ်။ နံပါတ် (၄) ကတော့ ရဟန်းချင်း
ကွဲပြားအောင်ပြု၏ ဆိုတဲ့အချက်ပါ။ သံဃာတော်တွေကို အချင်းချင်းကွဲပြားအောင်
မိမိတို့စည်းရုံးလို့ရတဲ့ သံဃာတော်တော်တွေက တဖက်၊ မြတ်စွာဘုရားရဲ့
ဝိနည်းလိုက်နာတဲ့ သံဃာတော်တွေကတဖက် ဆိုပြီး နှစ်စုကွဲအောင်၊ သူတို့ကို
လိုက်နာအောင် အတင်းအမိန့်တွေထုတ် လုပ်တာဟာလည်းပဲ သံဃာအသင်းကွဲအောင်
လုပ်တာပါပဲ။ နောက် နံပါတ် (၅) ဘုရားဂုဏ်ကျေးဇူးမဲ့ဆို၏။ နံပါတ် (၆)
တရားဂုဏ် ကျေးဇူးမဲ့ဆို၏။ နံပါတ် (၇) သံဃာဂုဏ် ကျေးဇူးမဲ့ဆို၏
ဆိုတဲ့အချက်တွေဖြစ်ပါတယ်။ တချက်ချင်းဆိုရင် ဘုရားကို စော်ကားတာ၊ တရားကို
စော်ကားတာ၊ သံဃာကိုစော်ကားတာ ဖြစ်ပါတယ်။ နံပတ် (၈) ကတော့
အကျိုးမဲ့ဘေးရန်ဖြစ်အောင်ပြု၏ ဆိုတဲ့အချက်ပါ။ ဒါကတော့ သာသနာတော်အတွက်
အကျိုးမရှိတာတွေကို ခွင့်ပြုတာဖြစ်ပါတယ်။ ကျောင်းဝိုင်းတွေမှာ
လောင်းကစားဝိုင်းတွေ ခွင့်ပြုတာတို့၊ သံဃာတော်တွေကို
ဘာသာရေးမလုပ်နိုင်အောင် ကျောင်းတွေမှာ စောင့်ကြည့်စစ်ဆေးတာတို့
ဖြစ်ပါတယ်။

မေး။ ။ သံဃာတော်တွေ သပိတ်မှောက်ကံဆောင်ဖို့အတွက် ပြည်တွင်းပြည်ပအနေနဲ့
ဘယ်လိုအစီအစဉ်များ ရှိပါလဲဘုရား။

ဖြေ။ ။ ဒီတခါလုပ်မယ့် တတိယအကြိမ် သပိတ်မှောက်ကံဆောင်ရာမှာ
ထူးခြားတဲ့အချက်က မြတ်စွာဘုရားရဲ့ ၀ိနည်းဥပဒေကို မလိုက်နာတဲ့
သံဃာတော်တွေ၊ နအဖနဲ့ပေါင်းတဲ့သံဃာတော်တွေကို ဦးဇင်းတို့က
သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးတွေ၊
အပြည်ပြည်ဆိုင်ရာသာသနာ့ဥသျှောင်အဖွဲ့ကြီးတွေ၊
ပြည်တွင်းသံဃာအဖွဲ့တွေကနေပြီးတော့ တံဆိပ်တွေရိုက်နှိပ်ပြီး ဒီသံဃာဟာ
မြတ်စွာဘုရားရဲ့ ၀ိနည်းကံတွေကို မလိုက်နာဘူး။ သံဃာတော်တွေကိုချမှတ်ထားတဲ့
လမ်းစဉ်ကို မလိုက်နာဘဲနဲ့ စစ်မိစ္ဆာများနဲ့ သွားပေါင်းတဲ့အတွက်ကြောင့်
သူ့ကို သာသနာတော်မှ ကျဉ်ပယ်ကာ ပကာသနီယကံဆောင်လိုက်ပါသည်။
ပြည်သူပြည်သားအပေါင်းကလည်း ပစ္စည်းလေးပါး လှူဒါန်းခြင်း လုံးဝမပြုရ
ဆိုတာတွေကို ဦးဇင်းတို့က ကြေညာချက်တွေ ထုတ်မယ်။ တနိုင်ငံလုံးကို
ဖြန့်မယ်။ ၀က်ဘ်ဆိုက်တွေ အင်တာနက်တွေပေါ်တင်မယ်။ သတင်းမီဒီယာတွေကို
ပို့ပြီး ဖော်ပြမှာဖြစ်ပါတယ်။

မေး။ ။ ပကာသနီယ ကံဆောင်တယ်ဆိုတာကို ထပ်မံရှင်းပြပေးစေလိုပါတယ် ဘုရား။

ဖြေ။ ။ ပကာသနီယ ကံဆောင်တယ်ဆိုတာ သံဃာအဖြစ်ကနေ
ကျဉ်ပယ်ပစ်ခြင်းကိုဆိုတာပါ။ ဒါပေမယ့် ရဟန်းမဟုတ်တော့ဘူးလို့
ပြောတာမဟုတ်ဘူး။ ပေါင်းသင်းဆက်ဆံခြင်းမပြုရလို့ ပြောတာ။ အဲဒီသံဃာကနေပြီး
ပြန်လည်ပြီး တောင်းပန်လာမယ်၊ သူကမှားကြောင်း ၀န်ခံလာမယ်၊
သံဃာတွေကျေနပ်တဲ့အထိ ပြန်တောင်းပန်မယ်ဆိုရင် သူ့ကို
လွတ်ငြိမ်းချမ်းသာခွင့် ပြန်ပေးလို့ရတယ်။ သံဃာမဟုတ်တော့ဘူးလို့
သူ့ကိုပြောတာမဟုတ်ဘူး။ သူ့အပြစ်ကို ၀န်ချတောင်းပန်မှု မရှိမချင်း သူ့ကို
ပေါင်းသင်းဆက်ဆံခြင်းမပြုရဘူးလို့ ပြောတာ။

မေး။ ။ ၂၀၀၇ ခု စက်တင်ဘာမှာ သံဃာတွေ သပိတ်မှောက်ကံဆောင်တုန်းက
သံဃာတွေနဲ့အတူ ပြည်သူတွေက တခဲနက် နောက်ကလိုက်ပြီး ထောက်ခံအားပေး
ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။ အခုလို တတိယအကြိမ် သံဃာသပိတ်မှောက်မယ်ဆိုရင်
ပြည်သူလူထု အနေအထားဘယ်လိုရှိမယ် ထင်ပါသလဲဘုရား။

ဖြေ။ ။ ဒါက ပြည်တွင်းမှာ ဦးဇင်းတို့ကိုယ်တိုင်လည်း
စည်းရုံးလုပ်ခဲ့တာဆိုတော့ သိတယ်လေ။ ၂၀၀၇ မတိုင်ခင်က သံဃာထုကြားရော၊
လူထုကြားရော စည်းရုံးရတာ အတော်လေးခက်တယ်။ ၂၀၀၇ ခုနှစ်နောက်ပိုင်းမှာ
သူတို့က မျက်ဝါးထင်ထင်တွေ့လိုက်ရ၊ မြင်လိုက်ရ၊ ဗွီဒီယိုတွေက ကြည့်လိုက်ရ၊
ကိုယ်တိုင်လည်း ခံစားလိုက်ရတဲ့အခါမှာ သံဃာတွေရော၊ လူတွေရောဟာ
လုံးဝမကျေနပ်ဘူး။ တော်တော်ပေါက်ကွဲသွားတယ်။ လက်ရှိစစ်အုပ်ချုပ်သူတွေဟာ
သာသနာတော်ကို ဖျက်ဆီးနေသူတွေ၊ သာသနာတော်ရဲ့ရန်သူတွေပဲဆိုတာ
မျက်ဝါးထင်ထင်တွေ့သွားတယ်။ ဒါကြောင့် အခုနောက်ပိုင်းမှာ ပြည်သူတွေက
အရန်သင့်ဖြစ်နေကြတယ်။ အရင်တုန်းက နိုင်ငံရေးကိုစိတ်ဝင်စားအောင်
လိုက်ပြောရတာ။ အခုက သူတို့က အဆင်သင့်ဖြစ်နေကြတယ်ဆိုတာ သိရတယ်။ ၂၀၀၇
ခုနှစ်ထက် ပြင်းထန်သွားမယ်လို့ ဦးဇင်းတို့တော့ သုံးသပ်လို့ရပါတယ်။
သံဃာတော်တွေကို နှိပ်စက်ခဲ့တယ်ဆိုတဲ့ ပေါက်ကွဲမှုကလည်း တချက်၊ နောက်တချက်က
နာဂစ်ပေါ့။ နာဂစ်မှာလည်း ဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေကိုတောင်မှ စစ်အစိုးရက
မသနားဘူး၊ အင်မတန်မှ ရက်စက်တယ်။ လှူဒါန်းနေတဲ့သူတွေအပေါ်လည်း
ဖြတ်စားတယ်ဆိုပြီးတော့ မကျေနပ်ချက်က ပိုလာတယ်။ နောက်တချက်က
ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲလုပ်တုန်းက မဲပေးတဲ့ကိစ္စမှာလည်း လူတွေက
ငါတို့ဘာသာရွေးချယ်ခွင့်မရှိဘဲနဲ့ အတင်းအဓမ္မ လုပ်သွားတယ်ဆိုပြီး
မကျေနပ်ကြဘူး။ နာဂစ်ကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး
အသက်သွေးကြောဇုန်တခု ပြတ်တောက်သွားတဲ့အတွက် စီးပွားရေးကျပ်တည်းမှုဟာ
အရင်ကထက် အဆပေါင်းမြောက်မြားစွာပြင်းထန်လာတယ်။ နိုင်ငံရေးအရဆိုလည်း ၂၀၀၇
တုန်းက နိုင်ငံရေးသမားတွေက နောက်ကိုနည်းနည်းဆုတ်လို့ရသေးတယ်။ အခုကျတော့
သူတို့နောက်ကို ဆုတ်လို့မရတော့ဘူး၊ အဖြေတခုပေးသွားပြီ။ ဘာလုပ်မှာလဲလို့
အချက်ပေးလိုက်ပြီ။ ဒါကြောင့် နိုင်ငံရေးစံချိန်အရ ပြောရင်လည်း ဒီအချိန်က
အမြင့်ဆုံးဖြစ်နေတယ်။ နိုင်ငံရေးအခြေအနေအရရော၊ စီးပွားရေး အခြေအနေ အရရော
ဆုံချက်ညီနေတာလည်း ပါတာပေါ့။ အားလုံးက ဘာမှနောက်ထပ်ရွေးချယ်စရာ
မရှိတော့ဘူး။ ဒီတချိန်အောင်မြင်အောင် လုပ်ရင်လုပ်၊ မလုပ်ရင် ထာဝရ
စစ်ဖိနပ်အောက်မှာနေရမယ်ဆိုတာ လူတိုင်းက သိသွားတယ်။ ဒါကြောင့်
စံချိန်တွေအားလုံးဟာ ဆုံချက်ညီနေတဲ့ပွဲဖြစ်နေတယ်။

မေး။ ။ ဦးဇင်းတို့ သပိတ်မှောက်ကံဆောင်မယ့် ကိစ္စကို သံဃာ့မဟာနာယကအဖွဲ့က
ဆရာတော်ကြီးတွေနဲ့ရော ညှိနှိုင်းမှု ရှိပါသလားဘုရား။

ဖြေ။ ။ စာတွေပို့တာ၊ စကားပြောဆိုတာတွေတော့ သွားနေတယ်။ ဆက်ပြီးတော့လည်း
ဆရာတော်ကြီးတွေဆီကို သတင်းပို့မယ်၊ မီဒီယာတွေကနေလည်း ပြောမယ်။
ဆက်ပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်မှာပါ။ ဆရာတော်ကြီးတွေအနေနဲ့
ဝိုင်းဝန်းလာမယ်ဆိုရင်တော့လည်း ပိုပြီးအောင်မြင်တာပေါ့လေ။
သာသနာ့ဝန်ထမ်းဆိုတာ သာသနာကို ကာကွယ်ဖို့ပဲလေ။ သာသနာရဲ့ဝန်ကို ထမ်းဖို့ပဲ၊
နအဖရဲ့ဝန်ကို ထမ်းဖို့မဟုတ်ဘူး။ ဒီလို သာသနာ့ဝန်ကို ဆရာတော်ကြီးတွေက
ဝိုင်းဝန်း ထမ်းဆောင်မယ်ဆိုရင်တော့ ၀မ်းသာစရာပါ။

မေး။ ။ မြန်မာပြည်သူတွေကို ဘာများမှာကြားလိုပါသလဲဘုရား။
ဖြေ။ ။ ပြည်သူတွေကို ပြောချင်တာကတော့ မိမိတို့သာသနာကို
မိမိတို့အသက်ပေးကာကွယ်မှ ရပါမယ်။ မိမိတို့ကနေပြီးတော့ ငါတို့သာသနာကို
ဖျက်ဆီးနေတာပဲဆိုပြီးတော့ အိမ်ထဲထိုင်ပြီး လက်သီးဆုပ်နေလို့မရပါဘူး။
မိမိတို့ရဲ့သာသနာကို ဘယ်လိုကာကွယ်မှာလဲ။ အဲတော့ လူထုအားဆိုတာ
တကယ်ညီညွတ်လို့ရှိရင် ပြည်တင်းရင် မင်းမခံနိုင်ဆိုသလိုမျိုး
ပြည်သူပြည်သားတွေ ညီညွတ်လာလို့ရှိရင် ဘယ်လိုအစိုးရမျိုးမှ
ရပ်တည်လို့မရပါဘူး။ ပြည်သူလူထုက သန်း (၅၀) ကျော်ရှိပါတယ်။
စစ်တပ်အရေအတွက်ဆိုတာ အင်မတန် နည်းပါးပါတယ်။ စစ်တပ်ထဲမှာတောင် ဗုဒ္ဓဘာသာ
အများစုဖြစ်နေ ကြပါတယ်။ အမိန့်ပေးခိုင်းနေတာ အထက်ကခေါင်းဆောင်
လက်တဆုပ်စာလောက်ပဲရှိပါတယ်။ သူတို့ရဲ့အမိန့်ကိုလည်း ၀န်ထမ်းတွေအားလုံးက
မလိုက်နာသင့်ဘူး။ ပြည်သူလူထုကို မှာကြားလိုတာကတော့ တကယ်ကို ဒီတခါ
သံဃာတော်တွေက သပိတ်မှောက်ကံဆောင်ပြီဆိုတာနဲ့ တတိုင်းပြည်လုံး ချီတက်ရမယ်၊
သံဃာတော်တွေကို ၀န်းရံရမယ်၊ ငါတို့အသက်တွေ သေချင်သေပစေဟေ့၊
ငါတို့သာသနာတော်ကိုတော့ ငါတို့အသက်နဲ့လဲပြီးကာကွယ်မယ်လို့
သန္နိဋ္ဌာန်ချပြီးတော့ တနိုင်ငံလုံးကာကွယ်ကြပါလို့ ဦးဇင်းအနေနဲ့
ပြောကြားလိုပါတယ်။

သံဃာတပ်ပေါင်းစုအဖွဲ့ခွဲများဖွဲ့စည်းပုံ


အဖွဲ့ခွဲ( ၁) ရန်ကုန်မြို့၊ရန်ကုန်တိုင်း

၁။ဦးဝေပုလ္လ…(မရမ်းကုန်း)

၂။ဦးကုသလ…မရမ်းကုန်း

၃။ဦးပညာသာမိ……တာမွေ

၎။ဦးနန္ဒစာ၇ိယ……ရွှေပြည်သာ

၅။ဦးပညာဇောတ……ရွှေပြည်သာ

၆။ဦးအိဒ္ဒြိယ…………လှော်ကား

၇။ဦးမေတ္တာစာရ……လှိုင်သာယာ

၈။ဦးသောမ…………မှော်ဘီ

၁၀။ဦးနန္ဒစရိယ(၂)……အင်းစိန်

သံဃာ့တပ်ပေါင်းစုအဖွဲ့ခွဲအမှတ်(၁)ကိုအသစ်တိုးချဲ့ဖွဲ့စည်းလိုက်ပါသည်။ယခုတိုးချဲ့ဖွဲ့စည်းလိုက်သောသံဃာ့ခေါင်းဆောင်များမှဦးဆောင်ကာတတိယအကြိမ်သံဃာ့သပိတ်ကိုအောင်မြင်စွာဆောင်ရွက်သွားပါမည်။လာမည့်စက်တင်ဘာနှစ်ပတ်လည် 20 ရက်နေ့မှစတင်ကာ န အ ဖ စစ်အစိုးရအား မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ ထုတ်ပြန်ထားသော ကြေငြာချက်ကိုသံဃာတပ်ပေါင်းစုအဖွဲ့ခွဲများမှဖတ်ကြားကာသတင်းဌာနများသို့ပေးပို့၍လည်းကောင်း ဌာနဆိုင်ရာအသီးသီးသို့ လိပ်မူတပ်၍လည်းကောင်း ပေးပို့ရမည်ဖြစ်ပါသည်။မြတ်စွာဘုရားရှင်၏ ချမှတ်ထားသောဝိနည်းဥပဒေတော်နှင့်အညီဆောင်ရွက်ထားသောသံဃာ့အားလုံးစုပေါင်းညီညွတ်မှုအထိမ်းအမှတ်သံဃာသပိတ်ကိုအားလုံးပါဝင်ဆင်နွဲကြရန်သံဃာတော်များအားလုံးတွင်တာဝန်ကိုယ်စီရှိကြပါသည်။မိမိတို့ကျရာတာဝန်ကိုမပျက်မကွက်လိုက်နာဆောင်ရွက်ကြပါရန်ရိုသေစွာလျှောက်ထားအပ်ပါသည်။သံဃာတော်များအားလုံးသဘောတူဆောင်ရွက်ထားသောသံဃာကိစ္စကိုမလိုက်နာပဲဆန့်ကျင်ကာနအဖစစ်အစိုးရနှင့်ဆက်လက်ပေါင်းသင်းသောသံဃာတော်များကိုသံဃာထုတစ်ရပ်လုံးမှ ဘွဲ့အမည်………မိဘအမည်……….ကျောင်းတိုက်အမည်……………..

မြို့ရွာအမည် များထုတ်ပြန်ကာ ပကာသနီယကံပြုကာ သံဃာအဖြစ်မှကျဉ်ဖယ် လိုက်ကြောင်းနှင့် ပြည်သူလူတစ်ရပ်လုံးမှယခုထုတ်ပြန်ထားသော သံဃာအားပစ္စည်းလေးပါးလှူဒါန်းခြင်းလုံးဝမပြုရန် တရားဝင်စာရွက်များထုတ်ဝေကာမြန်မာတစ်နိုင်ငံလုံးအနှံ့ဖြန့်ဝေမည်ဖြစ်ပါသည်။အင်တာနက်ဝက်ဆိုက်များ၊ ဘလော့များ တွင်ဆက်တိုက်ဖေါ်ထုတ်ကြေငြာမည်။R F A ,V O A, B B C ,D V B စသည့်သတင်းဌာနများသို့လည်းပေးပို့ကာကြေငြာသွားမည်ဖြစ်ပါသည်။E Mail ပေါင်းများစွာ

မှလည်းဖြန့် ဝေဖေါ်ထုတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယခုဆောင်ရွက်မည့် သပိတ်သည် အောင်မြင်သည်အထိလုံးဝအရှုံးမပေးပဲဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက်သာသနာတော်အတွက်အလွန်အရေးကြီးပါသည်။မိမိတို့အောင်မြင်အောင်မဆောင်ရွက်နိုင်ပါက မြတ်စွာဘုရားသာသနာတော်သည် စစ်မိစ္ဆာများ၏အောက်တွင်သူတို့လုပ်ချင်သလိုလုပ် အနိုင်ကျင့်တာမှန်သမျှခေါင်းငုံခံ သံဃာတော်တွေကိုသတ်ချင်သတ် နှိပ်စက်ချင်သလိုနိပ်

စက်ထောင်ချချင်သလိုထောင်ချသူတို့ပြုသမျှခံရသည့်ဘ၀ဖြင့်သာသနာတော်နိဂုဏ်းချုပ်ပျေက်ကွယ်သွားနိုင်ပါသည်။မြတ်စွာဘုရားရှင်၏ သာသနာတော် မပျောက်ကွယ်ရန်သံဃာထုတစ်ရပ်လုံးနှင့် ပြည်ထုလူထုအားလုံးမှာတာဝန်ကိုယ်စီရှိကြပါသည်။ထုတာဝန်ကိုကျေပွန်စွာထမ်းဆောင်ကြပါရန်အားလုံးကိုအသိပေးနိုးဆော်တိုက်တွန်းပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ

ရဟန်းပျိုသမဂ္ဂနှင့်

သံဃသာမဂ္ဂီအဖွဲ့ 

Friday, September 4, 2009

ခွပ်ဒေါင်းပျိုများမွေးဖွားခြင်း


ကျွန်တော်တို့ ပြည်တွင်းမှ(2007)မျိုးဆက်ကျောင်းသားများမှတတ်သလောက်မှတ်သလောက်လေးဖြင် ဒီဘလော့ လေးကိုမွေးဖွားပြီးမနိုင်ဝန်ဝင်ထမ်းခဲ့ ဖြစ်ခဲ့ ပါပြီ။နည်းပညာမပြည့် စုံပါပဲနှင့် ဘာကြောင့် ဖန်တီးခဲ့ ရသလဲလို့ မေးလာရင်တော့ လိုအပ်လို့ ပါလို့ ပဲပြန်ဖြေရပါလိမ့် မယ်။ယနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံအရပ်ရပ်ကသတင်းတွေကိုသိချင်လို့ အင်တာနက်ကဘလော့ တွေမှာဝင်ဖတ်တဲ့ အခါမှာတခုသွားသတိထားမိပါတယ်။အဲဒါကတော့ ပြည်တွင်းကဖန်းတီးတဲ့ ဘလော့ အရေအတွက်နည်းနေသေးတာသွားတွေ့ ရပါတယ်။ပြီးတော့ ဖတ်ရတဲ့ သတင်းတွေဟာလဲဟော့ ဖြစ်တဲ့ သတင်းတွေဖြစ်ပြီးအဲဒီသတင်းတွေကလဲဘလော့ တိုင်းမှာနေရာယူထားတာကိုတွေ့ ရပါတယ်။ဒါကြောင့် ကျွန်တော်တို့ ပြည်တွင်းကလှုပ်ရှားသူကျောင်းသားတွေအနေနဲ့ မြန်မာပြည်သူတွေအတွက်တကယ်အကျိုးဖြစ်စေမယ့် သတင်းတွေကိုတင်ချင်တယ်။အဲဒါကြောင့် ဘာမှမတတ်ပါပဲမနိုင်ဝန်ဝင်ထမ်းခဲ့ တာပါ။ပြည်တွင်းပြည်ပကရဲဘော်ရဲဘက်အပေါင်းကိုကြိုတင်အကူအညီတောင်းချင်တာကတော့ ဘလော့ နဲ့ ပတ်သက်တဲ့ နည်းပညာတွေကိုကျွန်တော်တို့ ကိုမျှဝေပေးပါလို့ ပြောချင်ပါတယ်။freebumar2010@gmail.com ကိုအီးမေးပို့ ပြီးနည်းပညာများမျှဝေစေချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။တော်လှန်ရေးအောင်မြင်ရမည်....


(2007)မျိုးဆက်ကျောင်းသားများ