Showing posts with label အင်တာဗျူး. Show all posts
Showing posts with label အင်တာဗျူး. Show all posts

Tuesday, November 16, 2010

သတင်း

ပြည်တွင်းမှ အမည်မဖော်လိုသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်တဦး နှင့် ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်း တို့
gtalk ပေါ်က အမေးအဖြေ

မေး- အခုပြည်တွင်းမှာလှုပ်ရှားနေကြတဲ့ ဒုတိယပင်လုံညီလာခံကျင်းပရေးဆိုတာအပေါ် ဗကပကဘယ်လိုမြင်သလဲ သိပါရစေ။

ဖြေ- ကျနော်တို့အနေနဲ့ ကျနော်တို့နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စ၊ တိုင်းရင်းသားများနဲ့ သွေးစည်း ညီညွတ်ရေးကိစ္စ စတာတွေကို ကိုယ့်ပြည်သူတွေအချင်းချင်း စာပွဲပေါ်မှာမျက်နှာချင်းဆိုင်အဖြေရှာရမယ် ဆိုတဲ့မူကို အစောကြီးကတဲက ကိုင်စွဲထားပါတယ်။ န၀တ-နအဖတို့က ညောင်နှစ်ပင်မှာဖြေရှင်းသလို သူတို့စိတ်ကြိုက်လူတွေခေါင်း ခေါက်ခေါ်ပြီး သူတို့ပြောသမျှခေါင်းငြိမ့်ခိုင်းတဲ့ ဖြေရှင်းနည်းမျိုးကို လုံးဝ ဆန့်ကျင်ပါတယ်။ ဒါကြောင့် အခုလိုဆွေးနွေးအဖြေရှာကြတာကို ကြိုဆိုပါတယ်။ အားပေးပါတယ်။ ဒါပေမဲ့

မေး- ဒါပေမဲ့ဆိုတော့ ဆက်ပါဦး။

ဖြေ- ဒါပေမဲ့ ပထမပင်လုံညီလာခံကျင်းပတုန်းကအခြေအနေနဲ့ ဒီနေ့ဒုတိယညီလာခံကျင်းပဖို့ စိုင်းပြင်းကြတဲ့ အခြေအနေ တို့အကြားမှာ မတူတာတွေရှိတယ်ဆိုတာကို သတိပြုသင့်ပါတယ်။ ၁၉၄၇ခုနှစ်တုန်း က ဦးစီးကြီးမှူးကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှအစိုးရတို့ဟာ အာဏာလက်ရှိတွေဖြစ်ကြပါတယ်။ စစ်တပ်ကိုအမိန့်ပေးခွင့်ရနေသူတွေဖြစ်ကြပါတယ်။ ဒီနေ့အခြေအနေက အဲဒါနဲ့ပြောင်းပြန်ပါ။ ကိုယ်က အာဏာမဲ့ဖြစ်ပါတယ်။ စစ်တပ်၊ ရဲ စတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံးက ဖိနှိပ်သူရဲ့လက်ထဲမှာရှိပါတယ်။

မေး- ၁၉၆၁-၂ခုနှစ်တုန်းက ဦးနုအစိုးရ လက်ထက်မှာလုပ်ခဲ့တဲ့ ပြည်နယ်ပေါင်းစုံညီလာခံစတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့လှုရှားမှုကိုရော ဘယ်လိုပြောမလဲ။

ဖြေ- အဲဒါက ဦးနုအာဏာရနေတုန်းမှာ ဦးနုသဘောတူမှုနဲ့လုပ်တာဖြစ်ပါတယ်။ "ပင်လုံရဲ့နောက်ဆက်တွဲဆွေးနွေးပွဲ" လို့ ဆိုရင်တောင်ရမယ်ထင်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ စစ်တပ်ဟာ အာဏာရအစိုးရလက်ထဲမှာမရှိတော့ပါဘူး။ အဲဒီတော့ ၁၉၆၂ခုနှစ်ဗိုလ်နေ၀င်းကအာဏာသိမ်းတဲ့အခါမှာ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးစုပြီး ခေါင်းစင်းပေးလိုက်သလိုတောင်ဖြစ်သွားပါတယ်။ အာဏာလိုချင်လို့အာဏာသိမ်းတဲ့ ဗိုလ်နေ၀င်းကတော့ ဒီလုပ် ရပ်ကိုပဲ သူအာဏာသိမ်းရတဲ့အကြောင်းရင်းလို့ပြောတာပေါ့။

မေး- အခုပြောခဲ့တာကိုပြန်ချုပ်ပြပါ။

ဖြေ- လွယ်လွယ်ပြောရရင် ဒုတိယပင်လုံညီလာခံကျင်းပဖို့ကြိုးစားတာကို ကျနော်တို့က မူအားဖြင့် ထောက်ခံပါ တယ်။ ဒါပေမဲ့ သတိတော့ထားရပါမယ်။ ပြင်ဆင်မှုတွေအသေအချာလုပ်ရပါမယ်။ မလိုလားအပ်တဲ့ နစ်နာ ဆုံးရှုံးမှုတွေ မဖြစ်ဖို့အရေးကြီးတယ်ဆိုတာပါပဲ။