Tuesday, November 16, 2010

သတင်း

ပြည်တွင်းမှ အမည်မဖော်လိုသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်တဦး နှင့် ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်း တို့
gtalk ပေါ်က အမေးအဖြေ

မေး- အခုပြည်တွင်းမှာလှုပ်ရှားနေကြတဲ့ ဒုတိယပင်လုံညီလာခံကျင်းပရေးဆိုတာအပေါ် ဗကပကဘယ်လိုမြင်သလဲ သိပါရစေ။

ဖြေ- ကျနော်တို့အနေနဲ့ ကျနော်တို့နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စ၊ တိုင်းရင်းသားများနဲ့ သွေးစည်း ညီညွတ်ရေးကိစ္စ စတာတွေကို ကိုယ့်ပြည်သူတွေအချင်းချင်း စာပွဲပေါ်မှာမျက်နှာချင်းဆိုင်အဖြေရှာရမယ် ဆိုတဲ့မူကို အစောကြီးကတဲက ကိုင်စွဲထားပါတယ်။ န၀တ-နအဖတို့က ညောင်နှစ်ပင်မှာဖြေရှင်းသလို သူတို့စိတ်ကြိုက်လူတွေခေါင်း ခေါက်ခေါ်ပြီး သူတို့ပြောသမျှခေါင်းငြိမ့်ခိုင်းတဲ့ ဖြေရှင်းနည်းမျိုးကို လုံးဝ ဆန့်ကျင်ပါတယ်။ ဒါကြောင့် အခုလိုဆွေးနွေးအဖြေရှာကြတာကို ကြိုဆိုပါတယ်။ အားပေးပါတယ်။ ဒါပေမဲ့

မေး- ဒါပေမဲ့ဆိုတော့ ဆက်ပါဦး။

ဖြေ- ဒါပေမဲ့ ပထမပင်လုံညီလာခံကျင်းပတုန်းကအခြေအနေနဲ့ ဒီနေ့ဒုတိယညီလာခံကျင်းပဖို့ စိုင်းပြင်းကြတဲ့ အခြေအနေ တို့အကြားမှာ မတူတာတွေရှိတယ်ဆိုတာကို သတိပြုသင့်ပါတယ်။ ၁၉၄၇ခုနှစ်တုန်း က ဦးစီးကြီးမှူးကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှအစိုးရတို့ဟာ အာဏာလက်ရှိတွေဖြစ်ကြပါတယ်။ စစ်တပ်ကိုအမိန့်ပေးခွင့်ရနေသူတွေဖြစ်ကြပါတယ်။ ဒီနေ့အခြေအနေက အဲဒါနဲ့ပြောင်းပြန်ပါ။ ကိုယ်က အာဏာမဲ့ဖြစ်ပါတယ်။ စစ်တပ်၊ ရဲ စတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံးက ဖိနှိပ်သူရဲ့လက်ထဲမှာရှိပါတယ်။

မေး- ၁၉၆၁-၂ခုနှစ်တုန်းက ဦးနုအစိုးရ လက်ထက်မှာလုပ်ခဲ့တဲ့ ပြည်နယ်ပေါင်းစုံညီလာခံစတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့လှုရှားမှုကိုရော ဘယ်လိုပြောမလဲ။

ဖြေ- အဲဒါက ဦးနုအာဏာရနေတုန်းမှာ ဦးနုသဘောတူမှုနဲ့လုပ်တာဖြစ်ပါတယ်။ "ပင်လုံရဲ့နောက်ဆက်တွဲဆွေးနွေးပွဲ" လို့ ဆိုရင်တောင်ရမယ်ထင်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ စစ်တပ်ဟာ အာဏာရအစိုးရလက်ထဲမှာမရှိတော့ပါဘူး။ အဲဒီတော့ ၁၉၆၂ခုနှစ်ဗိုလ်နေ၀င်းကအာဏာသိမ်းတဲ့အခါမှာ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးစုပြီး ခေါင်းစင်းပေးလိုက်သလိုတောင်ဖြစ်သွားပါတယ်။ အာဏာလိုချင်လို့အာဏာသိမ်းတဲ့ ဗိုလ်နေ၀င်းကတော့ ဒီလုပ် ရပ်ကိုပဲ သူအာဏာသိမ်းရတဲ့အကြောင်းရင်းလို့ပြောတာပေါ့။

မေး- အခုပြောခဲ့တာကိုပြန်ချုပ်ပြပါ။

ဖြေ- လွယ်လွယ်ပြောရရင် ဒုတိယပင်လုံညီလာခံကျင်းပဖို့ကြိုးစားတာကို ကျနော်တို့က မူအားဖြင့် ထောက်ခံပါ တယ်။ ဒါပေမဲ့ သတိတော့ထားရပါမယ်။ ပြင်ဆင်မှုတွေအသေအချာလုပ်ရပါမယ်။ မလိုလားအပ်တဲ့ နစ်နာ ဆုံးရှုံးမှုတွေ မဖြစ်ဖို့အရေးကြီးတယ်ဆိုတာပါပဲ။

1 comment:

  1. ပင်လုံ စာချုပ် ဟာ ပြည်ထောင်စုမြန်မာနိုင်ငံ ရဲ့ ဒိမိုကရေစီ အခြေခံအုတ်မြစ်ဖြစ်တယ်။
    ပင် လုံ ဟာ လည်းပဲ ပြည်ထောင်စု မြန်မာ နိုင်ငံ ရဲ့ ဒီမိုကရေစီ ဘူမိနက်သန် ဖြစ်တယ်။
    ပင်လုံ ဟာ လူမျိုးပေါင်းစုံ ပြည်သူတွေ ရဲ့ ညီညွတ်ရေး၊ တန်း တူရေး၊ ငြိမ်းချမ်းရေး အတွက် ခြေခံ အုတ်မြစ် ဖြစ်တယ်။
    ပင်လုံ ကို၊ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင် နိုင်ငံ့ ဖခင်ကြီးတွေ founding fathers စတင်သစ္စာ ဖေါက်လိုက်တာ ဟာ ပြည်ထောင်စု မြန်မာနိုင်ငံ အခြေခံ ဥပဒေ (၁၉၄၇) ဖြစ်တယ်။
    ဗိုလ်ချုပ် အောင်ဆန်း နဲ့ နိုင်ငံ့ ဖခင်ကြီးတွေ၊ အာဇာ နီ ခေါင်း ဆောင်ကြီးတွေ ကျဆုံး ပြီး ၁၀ ရက် မှာ (၂၉ ဂျူလိုင် ၁၉၄၇) အတည်ပြုခဲ့ တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အခြေခံဥပဒေ (၁၉၄၇) က စပြီး ပြည်ထောင်စု သမိုင်း အစ၊ တာ အထွက်မှာ အာဇာ နည်ခေါင်းဆောင်ကြီးတွေ ရဲက သွေးတွေမှ မခြောက်သေး ခင်မှာ အခုလို သစ္စာဖေါက် ခဲ့ကြတာဖြစ်တယ်။ ဖဆပလ ဦး နု ကိုယ် တိုင် က ထိပ်ဆုံးမှာ ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်း နဲ တိုင်း ရင်း သား ခေါင်းဆောင်တွေ အကြား ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင် ခဲ့တဲ့ အဆို ပါ စာချုပ် ကို ဆန့်ကျင် တဲ့ အခြေခံဥပဒေ ကို ဦးချန်ထွန်း က ဦး နုရဲ့ သဘောတူညီချက်နဲ့ရေးဆွဲ ခဲ့တာဖြစ်တယ်။ နိုင်ငံ့ ဖခင်ကြီးတွေ ကလက်နဲ့ရေးတာ ကို ဦးနု၊ ဦးချန်ထွန်း တို့ ကခြေနဲ့ ဖျက်ခဲ့တာဖြစ်တယ်။ ဖဆပလ အဖွဲ့ သင် ဗကပ ကလည်း ငြိမ်နေခဲ့တယ်။
    ဗကပ ကတော့ တလျောက်လုံး လူတန်းစား တိုက်ပွဲ ကို ထိပ်တန်းဦးစားပေးခဲ့တယ်။ နိုင်ငံ ရဲ့ ပြဿနာ ပေါင်း စုံ မြစ်ဖျားခံတာ ပင်လုံ လို့ မယူဆခဲ့ဘူး။ အရင်းရှင် လူတန်းစားနဲ့ ပစ္စည်းမဲ့ လူတန်းစား တို့ ရဲ့ ပဋိပက္ခ လို့ ပဲ တစိုက်မတ်မတ် ယုံ ကြည်ပြောဆိုနေခဲ့တာဖြစ်တယ်။ ပင်လုံ ကို ပြန်သွားဖို့ ဆိုတာ အိပ်မက်တောင်မမက်ခဲ့ကြပါဘူး။
    အခု ပင်လုံ ကို ထောက်ခံတယ်ဆိုတော့ လည်း ကြိုဆိုရမှာပါပဲ။ ကို သံ ချောင်းပြောသလို ပဲ အာဏာ လက်ရှိ မဟုတ်တဲ့ အတွက် အခုအချိန်မှာ ဒုတိယ ပင်လုံ ညီလာခံကို ကျင်းပလို့ မရဘူး။ စစ်အာဏာရှင် တွေ က မျက်ဖြူဆိုက် လာရင် ပင်လုံ ကို ထအော်ကောင်းအော်လိမ့်မယ်။ ပြည်ထောင်စု အတု၊ ဒီမိုကရေစီ အတု တွေ နဲ့ စခမ်း သွား လို့ မရတဲ့ အဆုံးတနေ့မှာ ပင်လုံ ညီလာခံ အတု ထပ်လုပ်ခြင်လုပ်ကြအုံးမှာ ဖြစ်တယ်။
    ဒုတိယပင်လုံ ကြွေးကြော်သံ ဟာ အတွေးအခေါ် တိုက်ပွဲ သက်သက် သာဖြစ်တယ်။ တကယ့် ပင်လုံ ညီလာခံ ကတော့ ပြည်သူ့လက်ထဲ အာဏာပြန်ရမှ သာကျင်းပရမှာဖြစ်တယ်။ ပင်လုံ ဆိုတာ ဒီမိုကရေစီ၊ ပင်လုံဆိုတာ ဖက်ဒရယ် ပူးပေါင်းရေးဝါဒ၊ ပင်လုံဆိုတာ ပြည်ထောင်စု၊ ပင်လုံ ဆိုတာ ငြိမ်းချမ်းရေး၊ ပင်လုံဆိုတာ တိုင်းရင်းသား သွေးစည်းညီညွတ်ရေး၊ ပင်လုံဆိုတာ ပြည်တွင်းစစ် ချုပ်ငြိမ်း ရေး၊ ပင်လုံ ဆိုတာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ပင်လုံ ဟာ ပြည်သူတွေရဲ့ လွတ်မြောက်ရေး၊ ပင်လုံဆိုတာ ပြည်သူတရပ်လုံး အတွက် ဘုံ ရည်မှန်းချက်ပန်းတိုင် ………..
    ဒီ အတွေးအခေါ် ကို ပြည်သူထဲမှာ၊ တက်မတော်ထဲမှာ ပြည်သူအယောက်တိုင်း ရဲ့ နှလုံးသားထဲ မှာ ဆွဲ ကိုင်လာကြပြီး ရင် ပင်လုံစီ ကို လက်တွေ့ တက်လှမ်းဖို့ လက်တကမ်း သာ လိုတော့မှာ ဖြစ်တယ်။
    ပါတီ တိုင်းက၊ လူမျိုးတိုင်းက၊ ပြည်သူအယေက် တိုင်း က တသံထဲ အော်မယ်၊ ရည်မှန်းချက် တခုထဲ ကို ဆုပ်ကိုင်ယုံကြည် ကြမယ်ဆိုရင် ပင်လုံ တကျော့ပြန်ခရီး ဟာ လက်တွေ့ နဲ့ ပိုနီးစပ်လာမှာဖြစ်တယ်။ ကြောက် သလိုလို ရွံ့ သလိုလို၊ နားလည် သလိုလို နားမလည်သလိုလို၊ လိုခြင်သလိုလို မလိုခြင်သလိုလို၊ ယုံ သလိုလို မယုံသလိုလို၊ မပြတ်မသား လုပ်နေကြရင်တော့ စစ်ဖိနပ်အောက်မှာ ပဲ စစ်ကျွန်သက်ရှည် နေတော့မှာဖြစ် ပါကြောင်း အကျဉ်းရုံးပြီးပါဝင်ဆွေးနွေး လိုက်ပါတယ်။

    ReplyDelete

ဝေဖန်အကြံပေးနိုင်ပါသည်