Saturday, December 1, 2012

လက်ပတောင်းတောင်စီမံကိန်းရပ်စဲရေးဆန္ဒပြမှုဖြင့်တိမ်းရှောင်နေရသောဗကသမှမင်းသွေးသစ်၏ကဗျာ

လူထုခေါင်းဆောင်အမေ ...သို့ "

အမေ..
ဘယ်လိုဖြေရှင်းမလဲ အမေ...?
အမေ့စကားတစ်ခွန်းကြောင့်
လူရမ်းကားတွေ ကမ်းတက်ကုန်ကြလို့ 
သံဃာတွေ ၊ပြည်သူတွေ ၊ ကျောင်းသားတွေ
ထိခိုက်ဒါဏ်ရာတွေနဲ့ 
ဆေးရုံရောက်ကုန်ကြပြီ
ဘယ်လိုဖြေရှင်းမလဲ အမေ....?
အမေ..
ကျွန်တော်တို့ ကပဲ မှားနေသလားအမေ..?
ဒီမိုကရေစီခေတ်ပြောင်းလို့ ဆိုပြီး
စစ်ဘီလူးရဲ့ အစွယ်တွေထုတ် ထုတ်ပြနေလို့ 
ခေါင်းပေါင်းဝတ်သကောင့်သားတွေကိ

ပြည်သူတွေ မယုံမကြည်ကြတော့တာ
ကျွန်တော်တို့ ကပဲ မှားနေလားအမေ..?
အမေ...
ဘယ်လိုနှစ်သိမ့်ကြမလဲ အမေ..?
မြေသိမ်းခံလယ်သမားတွေရဲ့ ဝေဒနာ
လစာနည်းအလုပ်သမားတွေရဲ့.....ချွေး
သံဃာ ၊ ကျောင်းသားတွေရဲ့ ......သွေး
ဖိနှိပ်ခံပြည်သူတွေရဲ့....မျက်ရည်
ဘယ်လိုနှစ်သိမ့်ကြမလဲ အမေ...?
အမေ..
ကျွန်တော်တို့ မြတ်နိုးတာ
ကျွန်တော်တို့ ချစ်တာ
လွှတ်တော် အမတ် "အမေ" မဟုတ်သလို
ပါတီခေါင်းဆောင် အမေလည်းမဟုတ်ဘူး
လူထုရှေ့က မားမားရပ်ပေးမယ့်
"လူထုခေါင်းဆောင်" အမေ ပါ
ဒါကြောင့်ပေါ့ "အမေ"
လူထုရဲ့ ဝေဒနာ
လူထုရဲ့ ချွေး
လူထုရဲ့ သွေးနဲ့ 
လူထုရဲ့မျက်ရည်ကို
သုတ်ပေးမယ့် "အမေ့" ရဲ့လက်
ဘယ်နေ့ ၊ ဘယ်အချန်မှာလဲဆိုတာ
"အမေ" နဲ့ အတူ နံရံကို ခေါင်းနဲ့ တိုက်ဖို့ 
ကျွန်တော်တို့ စောင့်မျှော်နေဆဲပါ "အမေ"...။     ။
မင်းသွေးသစ်
ဗ.က.သ များအဖွဲ့ ချုပ်
30.11.2012 (FRI)
3:58(PM)

No comments:

Post a Comment

ဝေဖန်အကြံပေးနိုင်ပါသည်