မေး- အခုပြည်တွင်းမှာလှုပ်ရှားနေကြတဲ့ ဒုတိယပင်လုံညီလာခံကျင်းပရေးဆိုတာအပေါ် ဗကပကဘယ်လိုမြင်သလဲ သိပါရစေ။
ဖြေ- ကျနော်တို့အနေနဲ့ ကျနော်တို့နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စ၊ တိုင်းရင်းသားများနဲ့ သွေးစည်း ညီညွတ်ရေးကိစ္စ စတာတွေကို ကိုယ့်ပြည်သူတွေအချင်းချင်း စာပွဲပေါ်မှာမျက်နှာချင်းဆိုင်အဖြေရှာရမယ် ဆိုတဲ့မူကို အစောကြီးကတဲက ကိုင်စွဲထားပါတယ်။ န၀တ-နအဖတို့က ညောင်နှစ်ပင်မှာဖြေရှင်းသလို သူတို့စိတ်ကြိုက်လူတွေခေါင်း ခေါက်ခေါ်ပြီး သူတို့ပြောသမျှခေါင်းငြိမ့်ခိုင်းတဲ့ ဖြေရှင်းနည်းမျိုးကို လုံးဝ ဆန့်ကျင်ပါတယ်။ ဒါကြောင့် အခုလိုဆွေးနွေးအဖြေရှာကြတာကို ကြိုဆိုပါတယ်။ အားပေးပါတယ်။ ဒါပေမဲ့
မေး- ဒါပေမဲ့ဆိုတော့ ဆက်ပါဦး။
ဖြေ- ဒါပေမဲ့ ပထမပင်လုံညီလာခံကျင်းပတုန်းကအခြေအနေနဲ့ ဒီနေ့ဒုတိယညီလာခံကျင်းပဖို့ စိုင်းပြင်းကြတဲ့ အခြေအနေ တို့အကြားမှာ မတူတာတွေရှိတယ်ဆိုတာကို သတိပြုသင့်ပါတယ်။ ၁၉၄၇ခုနှစ်တုန်း က ဦးစီးကြီးမှူးကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှအစိုးရတို့ဟာ အာဏာလက်ရှိတွေဖြစ်ကြပါတယ်။ စစ်တပ်ကိုအမိန့်ပေးခွင့်ရနေသူတွေဖြစ်ကြပါတယ်။ ဒီနေ့အခြေအနေက အဲဒါနဲ့ပြောင်းပြန်ပါ။ ကိုယ်က အာဏာမဲ့ဖြစ်ပါတယ်။ စစ်တပ်၊ ရဲ စတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံးက ဖိနှိပ်သူရဲ့လက်ထဲမှာရှိပါတယ်။
မေး- ၁၉၆၁-၂ခုနှစ်တုန်းက ဦးနုအစိုးရ လက်ထက်မှာလုပ်ခဲ့တဲ့ ပြည်နယ်ပေါင်းစုံညီလာခံစတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့လှုရှားမှုကိုရော ဘယ်လိုပြောမလဲ။
ဖြေ- အဲဒါက ဦးနုအာဏာရနေတုန်းမှာ ဦးနုသဘောတူမှုနဲ့လုပ်တာဖြစ်ပါတယ်။ "ပင်လုံရဲ့နောက်ဆက်တွဲဆွေးနွေးပွဲ" လို့ ဆိုရင်တောင်ရမယ်ထင်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ စစ်တပ်ဟာ အာဏာရအစိုးရလက်ထဲမှာမရှိတော့ပါဘူး။ အဲဒီတော့ ၁၉၆၂ခုနှစ်ဗိုလ်နေ၀င်းကအာဏာသိမ်းတဲ့အခါမှာ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးစုပြီး ခေါင်းစင်းပေးလိုက်သလိုတောင်ဖြစ်သွားပါတယ်။ အာဏာလိုချင်လို့အာဏာသိမ်းတဲ့ ဗိုလ်နေ၀င်းကတော့ ဒီလုပ် ရပ်ကိုပဲ သူအာဏာသိမ်းရတဲ့အကြောင်းရင်းလို့ပြောတာပေါ့။
မေး- အခုပြောခဲ့တာကိုပြန်ချုပ်ပြပါ။
ဖြေ- လွယ်လွယ်ပြောရရင် ဒုတိယပင်လုံညီလာခံကျင်းပဖို့ကြိုးစားတာကို ကျနော်တို့က မူအားဖြင့် ထောက်ခံပါ တယ်။ ဒါပေမဲ့ သတိတော့ထားရပါမယ်။ ပြင်ဆင်မှုတွေအသေအချာလုပ်ရပါမယ်။ မလိုလားအပ်တဲ့ နစ်နာ ဆုံးရှုံးမှုတွေ မဖြစ်ဖို့အရေးကြီးတယ်ဆိုတာပါပဲ။