Monday, September 28, 2009

စာရွက်ပေါ်မှသည် လက်တွေ့ တိုက်ပွဲဆီသို့ 


မင်းသွေးသစ်(၂၀၀၇)
(၂၀၀ရ)မျိုးဆက်ကျောင်းသားသမဂ္ဂကျောင်းသားတဦး
28.9.09 (2:59)AM

ဤစာစုလေးကိုမဖတ်ခင် ပထမဆုံးကြိုတင်အသိပေးထားချင်တာကတော့ ဤစာစုဟာ မည်သူ တဦးတယောက် တဖွဲ့ကိုမှ ရည်ရွယ်ရေးထားခြင်းမဟုတ်ပဲမြန်မာနိုင်ငံစစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေးအတွက် အုတ်တချပ် သဲတပွင့်ဖြစ်လျှင်ပင် ရေးရကျိုးနပ်ပြီဟူသော စေတနာသန့်သန့်ဖြင့်သာ ရေးသားခြင်းဖြစ်ကြောင်းကြိုတင် အသိပေးလိုပါသည်။

ယနေ့မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းကို ကြည့်လျှင် ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုများအကြား စစ်အစိုးရ၏(၂၀၁၀) ရွေးကောက်ပွဲကို ၀င်ရေး မ၀င်ရေး ကွဲပြားနေသကဲ့သို့ အယူအဆရေးရာတွင်လည်း ပူးသတ်မည့်အယူအဆ နှင့် မပူးပေါင်းပဲ လုံးဝ ဆန့်ကျင်ရေး အယူအဆဟူ၍ကွဲပြားနေကြသည်။ ၄င်းအကွဲအပြဲအတွင်းတွင် အပစ်အခတ်ရပ်ထားသော ငြိမ်းအဖွဲ့များနှင့် ပြည်သူလူထုမှာေ၀၀ါးသောလမ်းကြောင်းပေါ်သို့ရောက်မှန်းမသိရောက်ကုန်ကြပြီဖြစ်သည်။

ထိုအနေအထားတွင်ပင်(၁၉၉၀)ရွေးကောက်ပွဲကိုအနိုင်ရရှိခဲ့သောအမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်တိုင်ကလည်းရှေ့လာမည့် တနှစ်အတွင်း ပြည်သူကိုဦးဆောင်၍ လျှောက်လှမ်းရမည့်နိုင်ငံရေးခရီးကြမ်းကြီးအတွက် အဖက်ဖက်မှထိုးနှက်ခံထားရသော ဒဏ်ရာဒဏ်ချက်များစွာကြောင့် များစွာရင်လေးဖွယ်ရာအနေအထားပင်ဖြစ်သည်။ ထိုအခြေအနေတွင် ပြည်ပနိုင်ငံရေး အင်အားအများစုများမှာ ညီညွှတ်နေရမည့်အစား အချင်းချင်းလက်ညှိုးထိုး၍ ငယ်ကျိုးငယ်နာဖော်နေကြသည့်သံသရာမှ ရုန်း မထွက်နိုင်သေးပဲ နစ်ပြီးရင်းနစ်နေကြသည်ကိုစိတ်မကောင်းစွာတွေ့ရှိနေရပေသည်။ တိုင်းပြည်ချောက်ကမ်းပါးကျတော့မည့် အနေအထားတွင်ကယ်တင်နိုင်မည့်ခေါင်းဆောင်ပေါ်ထွက်လာနိုင်မည့်အရေးမှာလဲ လူ့ပြည်မှ အပ်တစင်းနှင့် ဗြဟ္မာပြည်မှ အပ် တစင်း တွေ့ဆုံရေးခက်ခဲသလိုခက်ခဲနေပေသည်။

အဘယ့်ကြောင့် ယခုလိုအခြေအနေထိ ဖြစ်ခဲ့သနည်း။ အမေးရှိကအဖြေရှိရပေမည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း နိုင်ငံ ရေးအင်အားစုများဖြိုခွဲမခံရသေးမှီအချိန်က ပြည်သူတို့ကိုယ်တိုင်မသိလိုက်မသိဘာသာနေလိုက်ခြင်းက ပထမဆုံးအမှား ဖြစ် လျှင် တဗိုလ်ကျတဗိုလ်တက်စနစ်ကို အကောင်အထည်ဖော်မှုနည်းပါးစွာပင် အရာရာတိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွန်စွာအားကိုးနေကြခြင်းသည်ဒုတိယအမှားဟုဆိုလျှင်လွန်အံ့မထင်ပါ။ တတိယနှင့်အကြီးကျယ်ဆုံးသောအမှားမှာ အဖွဲ့အ စည်းအသီးသီးရှိနိုင်ငံရေးအင်အားစုများကို ဦးဆောင်နေကြသောဝါရင့်နိုင်ငံရေးသမားကြီးများသည် မျိုးဆက်သစ် ခေါင်းဆောင် များ မွေးမထုတ်ပေးနိုင်ခြင်းနှင့် မိမိတို့အတွေ့အကြုံများကို လူငယ်များအားမျှဝေပေးရန်ပျက်ကွက်ခဲ့ခြင်းပင်ဖြစ်သည်။ ဤ အယူ အဆကိုစောဒတက်လိုကတက်နိုင်သော်လည်း လူတိုင်းလူတိုင်းအမှားမကင်းခဲ့၍သာ ယခုလိုအနေအထားထိ ရောက်ရှိခဲ့သည် မှာငြင်း၍မရသောအမှန်တရားဖြစ်သည်။

အထူးသဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေပါသည်ဆိုသော ဒီမိုကရေစီအင်အားစုများသည်မိမိတို့အမှားအတွက် အမိ မြန်မာပြည်ကိုအခြားသူများထက် ပိုမိုပေးဆပ်သင့်လှသည်။ လူထုခေါင်းဆောင်အကျယ်ချုပ်ကျနေခြင်းကို ဆယ်စုနှစ်တခု ကျော်ကြာ အထူးအလေးအနက်မထားခဲ့ပါပဲ ထောင်ချခံရမည့်ဆဲဆဲတွင်မှ အိပ်နေရာမှလှုပ်နှိုးခံလိုက်ရသလို သတိဝင်လာခြင်း မှာ တိုင်းပြည်အတွက်များစွာနစ်နာလှပေသည်။

ကြေငြာချက်ထုတ်ရုံ၊မြန်မာသံရုံးရှေ့ဆန္ဒပြရုံ၊ ကန်ပိန်းလုပ်ရုံဖြင့်သာ န.အ.ဖကိုဖြုတ်ချနိုင်မည်ဆိုပါက ရှေးမဆွကတည်းကပင် ပြည်သူများတက်ကြွစွာပါဝင်လာပေမည်။ ထိရောက်မှုနှင့်တန်ပြန်ထိရောက်မှုမညီမျှ၍သာ ပြည်သူပါဝင်လာမှုမရှိသည်ကို သတိမပြုမိခဲ့ကြခြင်းပေလော..။သတိမပြုမိချင်ယောင်ဆောင်ခဲ့ကြခြင်းပေလော။
န.အ.ဖ

ပြုတ်ကျလျှင်ထောက်ပံ့ကြေးမရတော့ မည့်အရေး တွေးပူ၍ ကျောက်ဆောင်ကို လေနှင့်သာ မှုတ်ခဲ့ကြခြင်းပေလော..။ မည်သို့ပင်ဆိုစေ သွေးစည်းကြရတော့မည့် အခြေအနေတွင် တိုင်းပြည်ချောက်ကမ်းပါးရောက်အောင်တွန်းပို့ပေးနေသော မည်သည့်အလုပ်ကိုမဆို မိမိတို့ရပ်တန့်ရတော့ မည်ဖြစ်သည်။ ညီညွှတ်ရေးအတွက် လိုအပ်ချက်များကိုမဖြစ်မနေ အကောင်အထည်ဖော်ရတော့မည်ဖြစ်သည်။ ဖက်ဆစ်စနစ် တိုက်ဖျက်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံ့ခေါင်းဆောင်ကြီးများက ဖ.ဆ.ပ.လအဖွဲ့ချုပ်ကြီးကို အဖွဲ့အစည်း ပေါင်းစုံဖြင့်ညီညွှတ်စွာဖွဲ့စည်းခဲ့ကြသလို ယနေ့အချိန်အခါတွင်လည်း စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် တခုတည်း သော အဖွဲ့အစည်းကြီးတခု တည်ထောင်ရန်မှာ တိုင်းပြည်လိုအပ်ချက်ကို သိနားလည်သောခေါင်းဆောင်ကောင်းတို့၏ တာဝန်ပင်ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများသည်လည်း ကိုးကန့်ငြိမ်းချမ်းရေးအဖွဲ့ကို သင်ခန်းစာယူ၍မိမိတို့အလှည့် ကျလာ မည့်အချိန်ကိုစောင့်မနေသင့်တော့ပဲ အချိန်မီ တခုတည်းသောလက်နက်ကိုင်မဟာမိတ်တပ်ပေါင်းစုကြီးကို ဖွဲ့စည်းရမည့် အချိန် ရောက်ရှိနေပြီဖြစ်သည်။ အဖွဲ့အစည်းအသီးသီး၏ လူမျိုးစွဲ၊၀ါဒစွဲများနှင့်ပုဂ္ဂိုလ်ရေးမာနများကို ခ၀ါချ၍အချင်းချင်း ယုံကြည်ချက် တည်ဆောက်ရေးသည်အလိုအပ်ဆုံးနှင့်အဖြစ်သင့်ဆုံးသောအလုပ်သာဖြစ်သည်။ အစွယ်ထုတ်ပြပြီးတာတောင် ကျားဟု မမြင် သေးပါက မိမိတို့လောက်ညံ့သောသူကမ္ဘာပေါ်တွင်ရှိနိုင်တော့မည်မထင်ပေ။

န.အ.ဖသည် ပညာရှိနည်းနှင့်ဆုံးမ၍မရသောအစိုးရဖြစ်ကြောင်းကို ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးက သက်သေပြခဲ့ပြီးဖြစ် သည်။ ယခုအချိန်ထိအစိုးရကိုနားချ၍ ရနိုင်လောက်သည်ထင်ပြီး န.အ.ဖနှင့်အပေးအယူလုပ်ချင်နေသေးသည့် လူမိုက်များ အတွက်အချိန်ကုန်ခံမနေပဲပြည်သူများနားမယောင်စေရန်အတွက် မိမိတို့ဘက်မှတိကျသည့်လမ်းကြောင်း၊ ခိုင်မာသည့်အဖွဲ့ အစည်း ချပြနိုင်မှသာ လျှင်ပြည်သူတို့၏ ယုံကြည်ကိုးစားပါဝင်လာခြင်းကိုမြင်တွေ့ရပေမည်။ ဓားလိုအပ်နေချိန်တွင် ဓားမပေးပဲ ရေကြည်ကမ်းနေမိသည့် မိမိတို့အဖြစ်ကို အမြန်သတိပြုမပြီး ပြုပြင်နိုင်မှသာ အမိမြန်မာပြည်ကြီးကံဆိုးမိုးမှောင်ကျတော့မည့် အရေးမှ နိုင်ငံ့သားကောင်းပီသစွာကယ်တင်နိုင်ပေမည်။ ကျောက်ဆောင်ဖြို့မည့်သူသည် ကျောက်စောင်းရှမှာလောက်တော့ ဖြုံမနေသည့်စိတ်ဓာတ်ထားရှိရပေမည်။

သမိုင်းသည်မိမိတို့လက်ထဲတွင်ရှိသည်။ အလှည့်အပြောင်းသည်ဆုံးဖြတ်ချလိုက်သည့် အချိန်ပိုင်းကလေးပင်ဖြစ်သည်။ ကျွန်ုပ် တို့၏မျိုးဆက်သွေး ကလေးငယ်များကို စာသင်ခန်းထဲတွင်ကမ္ဘာ့အဆင့်မီပညာများကို သင်ကြားခိုင်းမည်လော.. လမ်းများပေါ် တွင်တောင်းစားခိုင်းမည်လော..။ကျွန်ုပ်တို့၏အမျိုးသမီးငယ်များကို တင့်တယ်မှုအပေါင်းနှင့်ကမ္ဘာ့အလယ်တွင်ဝင့်ထည်စေမည် လော…တခြားနိုင်ငံများ၏ပြည့်တန်ဆာတန်းသို့ပို့ပစ်ကြမည်လော…။
အမိမြန်မာပြည်ကြီး၏အနာဂါတ်အကောင်းအဆိုးမှာ သင့် လက်ထဲတွင်ရှိသည်။
တွေဝေနေပါက အဖိုးတန်အခွင့်အရေးများဆုံးရှုံးတော့မည်။
မည်သူမှာမှအသက်အပိုမပါပါ။ခေါင်းတလုံး အပိုမပါပါ။ အမေမွေးသည့်အသက် တိုင်းပြည်အတွက်ပေးဆပ်ပါက မိခင်များမွေးရကျိုးနပ်လှမည်။
ဓားကိုင်မှကြောက်မည့် လူမျိုးသည်၊တရားထိုင်နေရုံနှင့်တော့
ပြောင်းလဲမလာပေ။

“ မြန်မာပြည်အနှံ့အပြားတွင်စစ်မောင်းသံကြားပါကခွာရှပ်နေသော
စစ်မြင်းများ၊များစွာရှိသည်။တိုက်ပွဲခေါ်သံကိုငံ့လင့်နေသော
ပြည်သူများရှိသည်။တွေဝေခြင်းသည်ဆုံးရှုံးခြင်း၏အစဖြစ်သည်။
မိမိတို့အားလုံးစာရွက်ပေါ်မှစကားလုံးများကိုလမ်းမများပေါ်မှ
တိုက်ပွဲများအဖြစ်အသွင်ပြောင်းပစ်ရမည်။ ”

ကျွန်ုပ်တို့ကိုးကွယ်အားထားသော ဗုဒ္ဓကိုယ်တော်တိုင်နန္ဒာပနန္ဒနဂါးမင်းအား အင်အားသုံးဦးနှိမ်ပြီးပါမ တရားစကားမြွက်ကြား သောသာဓကရှိသည်။ လူရိုင်းများရှေ့မေတ္တာ စကားပြောကြားနေပါကသင်သာလျှင် ဆုံးရှုံးခြင်းကြီးလိမ့်မည်။ တတိုင်းပြည်လုံး ၏ညီညွှတ်ရေးကိုအကောင်အထည်ဖော်ရင်း သင်သည်လည်းတိုင်းပြည်အတွက် “ဓါးကောင်းတလက်ဖြစ်ပါစေ….”


ဒီမိုကရေစီတိုက်ပွဲအတွင်းကျဆုံးခဲ့ကြသောရဟန်းရှင်လူ၊ကျောင်းသားပြည်သူများအားဦးညွှတ်ပါသည်။

Saturday, September 26, 2009

သံဃာ့သွေး မြေကျခဲ့ရခြင်း နှစ်ပတ်လည် လှုပ်ရှားမှုပြုလုပ်


စစ်အစိုးရ လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ ယနေ့ (26.9.09) စနေနေ့ နံနက်တွင် ရန်ကုန်မြို့၊ မြို့ နယ်အချို့ ၌ ကျောင်းသားလူငယ်များမှ စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ကြသည်။

ရွှေဝါရောင်တော်လှန်ရေးအတွင်း သံဃာတော်များ သွေးမြေကျခဲ့ရသည့် အထိမ်းအမှတ်အဖြစ်
လမ်းမများပေါ်တွင် ဆေးနီများလိုက်လံပက်ဖြန်းကာ နအဖ ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြသည်။

အဆိုပါလှုပ်ရှားမှုကို(2007)မျိုးဆက်ကျောင်းသားသမဂ္ဂ ကျောင်းသားများနှင့် အခြားတော်လှန်ရေးအင်အားစုများ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လှုပ်ရှားမှု၏ အဓိကရည်ရွယ်ချက်မှာ........
သံဃာများသွေးမြေကျခဲ့ရခြင်းကိုမြန်မာတနိုင်ငံလုံးကမမေ့သေးကြောင်းန.အ.ဖစစ်အစိုးရအား
သတိပေးခြင်းနှင့်ပြည်သူများအားလည်း မမေ့ပျောက်စေရန်အသိပေးခြင်းဖြစ်ကြောင်း (၂၀၀၇)မျိုးဆက်ကျောင်းသားများမှ ပြောကြားခဲ့သည်။

လှုပ်ရှားမှုကိုလသာ၊ကျောက်တံတား၊ဗိုလ်တထောင်၊သာကေတ၊ဒေါပုံ၊တာမွေ၊ကျောက်မြောင်း
၊မင်္ဂလာတောင်ညွန့်၊တောင်ဥက္ကလာ၊မြောက်ဥက္ကလာမြို့နယ်များ၏အဓိကလမ်းမကြီးများနှင့့်ကားမှတ်တိုင်များတွင်ပြုလုပ်ခဲ့ကြသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း အဆိုပါအင်အားစုများက ရန်ကုန်တိုင်းသန်လျင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီကျောင်း စာသင်တိုက်များသို့ သံဃာ့ သမဂ္ဂီ၏ကံဆောင်ပွဲကြေငြာချက်များကိုဖြန့်ချီခဲ့ကြောင်း လည်းသိရသည်။

ဆက်လက်၍လည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်သွားဦးမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ မှ(၂၀၀၇)မျိုးဆက်ကျောင်းသားတဦးမှပြောကြားခဲ့ သည်။

ဖျားနာနေတဲ့ မုတ်သုန်မြို့


ငရဲကြီးရှစ်ထပ်နဲ့ နတ်ပြည် ခြောက်ထပ် ဘုံဘ၀ အစုံပါတဲ့ မြို့တစ်မြို့ကို
ပြပါဆိုရင်တော့ ဘင်္ဂလား ပင်လယ်အော်ကို အထက်စီးက ကြည့်နေတတ်တဲ့
ရန်ကုန်ဆိုတဲ့ မြို့တစ်မြို့၊ ကြယ်ငါးပွင့် ဟိုတယ်ကြီးတွေမှာ ဒေါ်လာ
၁၅၀တန် ညအိပ်ခန်းတွေ ရှိသလို ငွေငါးရာကျပ်နဲ့ ကျောတစ်ခင်းစာလည်း
ရနိုင်တဲ့မြို့။ တချိန်တုန်းကတော့ အတိတ်ပီပီ ရွှေထီးဆောင်းခဲ့တဲ့ ကာလတွေ
ရှိခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီ ဈာပနက အဖြူအမည်း ကားချပ်တွေထဲမှာ
ခပ်ဝါးဝါးသာ ဆတွေးနိုင်တဲ့ အခြေအနေ။ တစ်မြို့လုံးမှာ အပေါဆုံးက
ကြွပ်ကြွပ်အိတ်နဲ့ KTVလို့ အဲဒီမြို့သားတစ်ယောက်က နာနာကျည်းကျည်း
မှတ်ချက်ချတယ်။ အသက်အာမခံချက် မရှိသလို ပေါက်ပြဲနေတဲ့ ပလက်ဖောင်းတွေနဲ့
ပြည့်နှက်နေတယ်။ အထူးယာဉ်တန်းတွေအတွက် နာရီပိုင်းအတွင်း လမ်းသစ်တွေ
ခင်းပြတတ်သလို ရက်ပိုင်းအတွင်း သက်တမ်းကုန်တတ်တဲ့ ကတ္တရာလမ်းတွေနဲ့
လမ်းလျှောက်တတ်ခဲ့တဲ့မြို့လေ။

တချိန်တုန်းကတော့ စိမ်းလန်းခဲ့ဖူးတယ်။ တချိန်တုန်းက ကြွယ်ဝခဲ့ဖူးတယ်။
တချိန်တုန်းကတော့ ပညာတတ်ခဲ့ဖူးတယ်။ အခုတော့ ကူးစက်ရောဂါ ထိသွားတဲ့
မိန်းမပျက် တစ်ယောက်လို ဘယ်သူမှ အဆက်အဆံ မလုပ်ချင်တော့ဘူး။ ဘကုန်း၊
စလုံး၊ ဂငယ်ကုန်းအထိ ခြေဆန့်သွားခဲ့တဲ့ သူ့မြို့သားတွေကတောင် ၀လုံးလို့
လှောင်ပြောင် ခေါ်နေကြပြီ။ မြို့အင်္ဂါရပ်တွေထဲမှာ လျှပ်စစ်မီး ရှိရမယ်၊
သန့်ရှင်းရေးစနစ် ရှိရမယ်၊ ကျန်းမာရေး စောင့်ရှောက်မှု ရှိရမယ်၊
သောက်သုံးရေ သန့်ရှင်းစွာ ရရှိရမယ်၊ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ဖက်လှဲတကင်း
ဖြစ်ရမယ် အဲဒီိလို တစ်ယောက်ယောက်က ပြောခဲ့ရင် သူဟာ မြို့တစ်မြို့
မဟုတ်တော့ဘူးပေါ့။ ဒါပေမယ့် လူဦးရေ ခြောက်သန်းကျော်ဟာ သူ့ရင်ဘတ်ထဲမှာ
ရှင်သန် နေထိုင်တုန်းပါ။ သူ့အရေပြားပေါ်မှာ လူသူမရှိတဲ့
ကွန်ဒိုတိုက်ခန်းတွဲတွေ ရှိနေသလို တစ်ယောက် ကိုယ်ငွေ့ တစ်ယောက်
ပြန်ချုံလို့ ရတဲ့ မြို့သစ်တဲစုလေးတွေလည်း ရှိနေတယ်လေ။
လေးတိုင်စင်ဝါးခင်းကို ကမ္ဘာဆန်မှုက ထောက်ကူပေးထားတဲ့ ပလတ်စတစ်
ရွက်ဖျင်စတွေလည်း လွယ်လွယ်ကူကူ ၀ယ်လို့ရတယ်လေ။ ရာသီဥတု သာတောင့်သာယာ
ဆိုပေမယ့် ချူချာတတ်တဲ့ ကလေးငယ်တွေလည်း ရှိနေတတ်တဲ့မြို့။

အရင်ကတော့ နယ်မြို့တွေသွားရင် ရန်ကုန်သားတွေကလေ ဆိုပြီး ပုံပြင်တွေ
အမျိုးမျိုး ကြားရတတ်တဲ့မြို့။ အခုတော့ ပတ်စ်စပို့အနီတွေ ထုတ်ထုတ်ပေးပြီး
ပြန်လာတဲ့သူတွေကို ဘာလက်ဆောင်ပါသလဲလို့ စီး စီးမေးတတ်တဲ့မြို့လေ။
အင်္ဂါဂြိုဟ်ပေါ်က မြေအနေအထားကို မှန်ပြောင်းနဲ့ လှမ်းကြည့်လို့ ရသလို
အ၀ီစိသွားတဲ့ အထူးရထားကို လှမ်းတားပြီး အထက်တန်းက တက်စီးလို့ရတဲ့မြို့။
ဟံသာဝတီ ဧကရာဇ် ရာဇာဓိရာဇ် တစ်ယောက် တိမ်းရှောင်ခဲ့ဖူးတဲ့မြို့။ ရန်သူတွေ
ကြားထဲကနေ သီပေါမင်းတစ်ယောက် ရွှေတိဂုံတက်ဖူးဖို့ ရောက်ခဲ့ဖူးတယ်။
ပြည်တွင်းစစ်ကာလမှာ ၀ါရှင်တန်မြို့သားတွေ သူ့မြို့ကို ကိုယ်တိုင် ထွက်ကာ
ကွယ်ရသလို ဗိုလ်စိန်မှန်တစ်ယောက် တပ်စိတ်လေးတစ်စိတ်နဲ့ အပျော်တမ်းတပ်၊
တက္ကသိုလ် ကျောင်းသားတပ်တွေနဲ့ အင်းစိန်တိုက်ပွဲမှာ တစ်လက်မချင်း
ခုခံခဲ့ရတဲ့မြို့။ အဲဒီအချိန်ကလည်း တချို့တွေက ရန်ကုန်ကို
ဟားတိုက်ခဲ့တာပဲ။ ရာဇသင်္ကြန် ဒလက ပြန်တုန်းကလို ဖောက်ပြန်တဲ့
အတွေးမျိုးတော့ ရန်ကုန်က မတွေးခဲ့ရိုးအမှန်ပါ။ ပုံသေကားချပ်နေ့တွေကို
တင်ဆက်ပြီးရင် အပြောင်းအလဲကို ညနေစာငတ်သူ တစ်ယောက်လို သူ
ဆာလောင်တတ်ခဲ့တယ်။ မပြောင်းလဲနိုင်တဲ့ သူကိုယ်တိုင် မကျေမနပ်နဲ့။
အချိန်ကာလက ဇရာ ဘယ်လောက်ပြပြ သူသံဝေဂယူလို့ မရဘူး။ သူမှ မစောင့်ရှောက်ရင်
အုပ်ထိန်းသူမဲ့တော့မယ့် မြေးငယ်တွေကို သနားတဲ့ အဘွားအိုတစ်ယောက်လိုပေါ့။
ဒါပေမယ့် သူကိုယ်တိုင် ယိုင်တိယိုင်တိုင်နဲ့ဆိုတာ သူသိတယ်။
ရုတ်တရက်ကြည့်ရင် စစ်ပြီးစ မြို့တစ်မြို့လို မုဆိုးမ၊ တစ်ခုလပ်နဲ့
ကလေးငယ်တွေ သိပ်များနေတဲ့မြို့။ အဝေးရောက် လင်သားတွေ အလုပ်အကိုင်
အဆင်ပြေပါစေ ဆုတောင်းနေရတဲ့မြို့။ လယ်ကန်သင်းတွေကို ဖြို၊
မြေကွက်အသစ်တွေရိုက်လို့ သူ့မြို့ခံတွေကို နေရာထိုင်ခင်း
လုပ်လုပ်ပေးရတယ်။ အချက်အချာ မြို့လယ်ခေါင် တိုင်းတပါးသား လက်အောက်တွေ
ကျရောက်နေလို့။ သူက တစ်ခါတစ်ခါ မောင်ချောနွယ် ပြောသလိုလဲ နေတတ်တယ်
`နာကျင်တဲ့အခါ မအော်ဘဲ၊ ပျော်ရွှင်တဲ့အခါ ရယ်မောဖို့ နောက်မကျအောင်
နေတတ်ခဲ့´။ ဗုံးဆံ၊ အမြောက်ဆံကို ကြောက်လို့ ၀ါးရင်းတုတ်နဲ့ရိုက်လည်း
အံကြိတ်ခံ၊ ရိုင်ဖယ်နဲ့ ချိန်ပစ်လဲ အသံသိပ်မထွက်ရဲခဲ့ဘူး။

အခုတော့ ခေတ်နဲ့အညီ သူ့ဆီမှာ ကြေးစားကလပ်အသင်းတွေလည်း ရှိနေပြီ။
လောင်းကစားဒိုင်ကတော့ အရင်ကတည်းက မှိုလိုပွနေတာမို့ သူ့အတွက်
သိပ်အရေးမကြီး။ ကမ္ဘာပေါ် ဦးနှောက်ကြီးကြီးတွေ ခေါင်းစားအောင်
ပြဿနာရှာပေးတတ်ပြီ။ ကူးစက်ရောဂါတွေကိုလည်း ဖောဖောသီသီ လက်ခံသလို
အဏုမြူဗုံး ထပေါက်မှာ စိတ်မပူတတ်တော့ဘူး။ မနက်ဆိုရင် ပါးစပ်ခြောက်သန်းကို
ဘယ်လိုကျွေးမလဲ ခေါင်းစားနေရပေမယ့် ညကျရင်တော့ ဘီယာပရိုမိုးရှင်းတွေနဲ့
အသောက် မပျက်တဲ့မြို့။ လူ့ဘ၀စည်းစိမ်မှာ အဆိုး လောကဓံ လေးပါးကို
ထိန်ချန်လို့ မရဘူး။ အခါးသီးဆုံးညဆိုတာ အချိုမြိန်ဆုံး မနက်ဖြန်လို့
တဘောင်လိုလို ငကြောင်လိုလိုနဲ့ မူး မူးပြီး ထပြောတတ်တဲ့မြို့။

မြေပုံတလွဲကြီးနဲ့ ရတနာတွေ ရှိရာဆီ သွားမယ်လို့ အရူးတွေ ဆော်သြပြီး
နောက်ဖေးပေါက်က ပြန်တက်၊ သူများ ညစာတွေ ခိုးခိုးစားတတ်တဲ့ အရူးတွေ
ရှိနေတတ်တဲ့မြို့။ မြို့တစ်မြို့ရဲ့ ဂုဏ်ထူးတွေထဲမှာ မိန်းမပျက်နဲ့
အကျဉ်းထောင် အကြောင်းတွေပါရင် Grade(A) ရနိုင်မယ့်မြို့လေ။
အမှန်အကန်ဆိုရင်တော့ နံရံလေးဘက် ပိတ်ထားတယ်။ အတုတွေ သိပ်များတော့
ရှားပါးတဲ့ အမှန်တရားကို အကျဉ်းထောင်ထဲ ထည့်ထားတာပါလို့ သတင်းထောက်တွေကို
စိတ်ရူးပေါက်ပြီး ရှင်းရှင်းပြ တတ်သေးတယ်။ အတုကလည်း
ဘယ်လောက်တောင်များသလဲဆိုတော့ ခင်ဗျား မြင်မြင်သမျှ အကုန်အတုကြီးပဲ။
ဆေးဝါးအတု၊ ပွဲစားအတု၊ ကားအတု၊ တိုက်အတု၊ လက်ကိုင်ဖုန်းအတု၊ ကွန်ပျူတာ
ဆော့ဖ်ဝဲလ်အတု၊ ဗိုင်းရပ်စ်အတု၊ ပြီးတော့ မျက်နှာအတုနဲ့ လူတွေ၊
တရားရုံးအတု၊ စီရင်ချက်အတု၊ အမိန့်ကြော်ငြာစာအတု၊ အမွေစား အမွေခံအတု၊
လက်ထပ်စာချုပ် အတုကနေ ဒီမိုကရေစီအတု အထိ။ အတုဆိုရင် အကုန်ရှိနေတတ်တယ်။

ပလက်ဖောင်းပေါ် လမ်းမလျှောက်ပါနဲ့၊ ကြိုက်တဲ့နေရာ အမှိုက်ပစ်ပါ၊
တရားဥပဒေကို လက်တစ်လုံးခြား လိုက်နာပါ၊ အသက်ရှူကျပ်ရင် ကင်းမြီးကောက်
ထောင်ပြီး နေထိုင်ပါ၊ မီးပျက်ပျက် မီးလာလာ ဒီဈေးပဲ၊ ဒါဟာ
အခွင့်အရေးတစ်ရပ်။ အဲဒီလို မြင်တတ်ဖို့ မုတ်သုန်ကို လွယ်အိတ်လို လွယ်ပြီး
အသက်အရွယ်မရွေး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်ချေအတွက်
အလုပ်လက်မဲ့ပေမယ့်လည်း တစ်ယောက် လက်ဖက်ရည် တစ်ယောက် မျှသောက်တတ်တဲ့
ရန်ကုန်။

လမ်းကြုံရင် လာလည်ပါ။ ညအိပ်စရာ ခက်တဲ့အတွက် မိတ်ဆွေကို တကူးတက ဖိတ်မနေတော့ပါဘူး။