Thursday, January 10, 2013

Fwd: နည်းပညာတက္ကသိုလ်(သန်လျင်)ကျောင်းရှေ့ ပဋိပက္ခ



---------- Forwarded message ----------
From: Yaung Sin <lwinpyin.9@gmail.com>
Date: 2013/1/10
Subject: နည်းပညာတက္ကသိုလ်(သန်လျင်)ကျောင်းရှေ့ ပဋိပက္ခ
To: linnnweein@gmail.com


ကျောင်းသားထုအားစော်ကားနေကြသူများ

          ၉.၁.၂၀၁၃ ရက်နေ့နံနက်ကသန်လျင်နည်းပညာတက္ကသိုလ်ကျောင်းရှေ့တွင်ရန်ကုန်တောင်ပိုင်းခရိုင်

ကျောင်းသားများသမဂ္ဂ မှ ဗကသကျောင်းသားရဲဘော်များက ဗကသများအဖွဲ့ချုပ် ၏လက်ကမ်းစာစောင်များကို

ကျောင်းသား/သူများအားလိုက်လံဝေငှနေခဲ့ကြစဉ်နည်းပညာတက္ကသိုလ်(သန်လျင်)ကျောင်းသို့စစ်တပ်မှအငြိမ်းစားယူ၍နည်းပညာတက္ကသိုလ်သို့ကျောင်းသားရေးရာလုံခြုံရေးမှူးများအဖြစ်ပြောင်းရွေ့လာသောအငြိမ်းစားစစ်ဗိုလ်တစ်ဦးနှင့်အငြိမ်းစားဗိုလ်မှူးတစ်ဦး(အမည်မသိရှိရသေး)တို့ကလက်ကမ်းစာစောင်များဝေငှနေသောဗကသကျောင်းသားများ၏လက်တွင်းမှလက်ကမ်းစာစောင်များအားအတင်းအဓမ္မလိုက်လံလုယူ၍ဗကသများအဖွဲ့ချုပ်သည်တရားမ၀င်အဖွဲ့အစည်းဖြစ်သဖြင့်ကျောင်းရှေ့တွင်စာရွက်လိုက်လံဝေငှနေသောကျောင်းသား/သူများအားဖမ်းဆီးမည်ဟုခြိမ်းခြောက်ပြီးစရဖများ၊SBနှင့်ရဲစခန်းများထံဖုန်းဆက်၍လာရောက်ဖမ်းဆီးရန်ပြောဆိုခဲ့ကြပါသည်။ဗကသကျောင်းသားများကဒီမိုကရေစီစနစ်ကိုကျင့်သုံးနေပြီဖြစ်သည့်အတွက်မည်သူမဆိုအများပြည်သူအားထိခိုက်ခြင်းမရှိပါကမိမိတို့၏သဘောဆန္ဒများအားလွတ်လပ်စွာရေးသားဖြန့်ချီခွင့်ရှိသည်ဟူသောနိုင်ငံသားများ၏ရပိုင်ခွင့်အရယခုကဲ့သို့လက်ကမ်းစာစောင်များကိုဖြန့်ဝေခြင်းဖြစ်သဖြင့်မိမိတို့၏လွတ်လပ်ခွင့်အားလာရောက်နှောက်ယှက်ခြင်းမပြုရန်ပန်ကြားပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ပါဥပဒေအချက်များအားပြသခဲ့သော်

လည်း၎င်းအငြိမ်းစားစစ်ဗိုလ်မှဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်အားအင်အားသုံးလုယူသဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်မှာစုတ်ပြဲသွားခဲ့ပါသည်။ဗကသကျောင်းသားများကယခုကဲ့သို့အတင်းအဓမ္မလုယက်ခြင်းအပေါ်ကန့်ကွက်ပြောကြားခဲ့ကြပါသည်။၎င်းအငြိမ်းစားစစ်ဗိုလ်သည်ကျောင်းသားများဝိုင်းဝန်းကန့်ကွက်နေသည့်ကြားမှပင်ဗကသကျောင်းသားများထံမှလက်ကိုင်ဖုန်းတစ်လုံး၊ကျောင်းသားကဒ်နှစ်ကဒ်အားသိမ်းယူသွားခဲ့ပါသည်။ထို့ပြင်လက်ကိုင်ဖုန်းအသိမ်းခံရသောကျောင်းသားမှယခုကဲ့သို့မိမိတို့လွတ်လပ်ခွင့်အားတရားလွန်ထိပါးခြင်းကိုသတင်းမီဒီယာများမှတဆင့်တစ်နိုင်ငံလုံးသိအောင်တင်ပြမည်ဟုပြောဆိုခြင်းကိုအငြိမ်းစားဗိုလ်မှူးက"မင်းတို့တိုင်ချင်ရာတိုင်၊ဘယ်သူမှစောက်ဂရုမစိုက်ဘူး"ဟုရုန့်ရင်းကြမ်းတမ်းစွာပြန်လည်ပြောဆိုခဲ့သည့်အပြင်"ကျောင်းရှေ့မှာသူတောင်းစားတောင်လာတောင်းရင်မောင်းထုတ်ပစ်တာ၊မင်းတို့လဲသွားကြတော့"ဟုလည်းစော်ကားပြောဆိုခဲ့ပါသည်။ကျောင်းသားများဘက်မှတက္ကသိုလ်ကျောင်းသည်စစ်တန်းလျားမဟုတ်သည့်အတွက်ယခုကဲ့သို့ရုန့်ရင်းကြမ်းတမ်းသောစကားများဖြင့်ဆဲဆိုခြင်းမပြုလုပ်သင့်ကြောင်းပြန်လည်ပြောကြားသောအခါခွန်းကြီးခွန်းငယ်များဖြင့်စကားများခဲ့ကြပြီးနည်းပညာတက္ကသိုလ်(သန်လျင်)ကျောင်းရှေ့တွင်ထိုဆရာနှစ်ဦးနှင့်ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပါသည်။

          ကျွန်ုပ်တို့ဗကသကျောင်းသားများသည်ယခုကဲ့သို့ရုန့်ရင်းကြမ်းတမ်းသောစကားလုံးများ၊ကိုယ်ထိလက်ရောက်စော်ကားခြင်းဖြစ်စဉ်အားကျေနပ်ခြင်းမရှိသဖြင့်အခြားကျောင်းသားသမဂ္ဂ၀င်ကျောင်းသားများအားချက်ချင်းအကြောင်းကြားခဲ့သဖြင့်ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂအတွင်းရှိအရှေ့ပိုင်းတက္ကသိုလ်၊သမ၀ါယမတက္ကသိုလ်တို့မှကျောင်းသားများသည်နည်းပညာတက္ကသိုလ်(သန်လျင်)ကျောင်းရှေ့သို့စုရုံးရောက်ရှိလာကာညနေပိုင်းကျောင်းလွှတ်ချိန်တွင်လက်ကမ်းစာစောင်များကိုကျောင်းရှေ့တွင်ပင်ထပ်မံဖြန့်ဝေခဲ့ကြပြီး၎င်းဆရာနှစ်ဦးအားမနက်ပိုင်းကဖြစ်ပျက်ခဲ့သောဖြစ်စဉ်အားကျေနပ်မှုမရှိသဖြင့်ကျောင်းအုပ်ကြီးနှင့်တွေ့ဆုံလိုကြောင်းပြောကြားသောအခါကျောင်းဝင်းတံခါးအားပိတ်ထားခဲ့သဖြင့်ကျောင်းအုပ်ကြီးနှင့်တွေ့ဆုံခွင့်မရခဲ့ကြပါ။အငြိမ်းစားစစ်တပ်အရာရှိနှစ်ဦးအားလည်းမနက်ပိုင်းက၄င်းတို့ပြောဆိုခဲ့ကြသောစကားများအားဆရာပီပီတာဝန်ယူပေးရန်အတွက်ရာထူးနှင့်အမည်များအားမေးမြန်းရာသူတို့မပြောဆိုနိုင်ကြောင်း၊အထက်ကအမိန့်ချမှတ်ထားသည့်အတွက်တက္ကသိုလ်ကျောင်းဝန်းကျင်တွင်မည်သည့်အဖွဲ့အစည်းကိုမှနိုင်ငံရေးဆန်သောလုပ်ရပ်များလုပ်ခွင့်မပြုနိုင်သဖြင့်တားမြစ်ခြင်းသာဖြစ်ကြောင်း၊ပညာရေးစနစ်အားပြုပြင်ပြောင်းလဲလိုလျှင်ဖြစ်စေ၊မကျေနပ်မှုများရှိလျှင်ဖြစ်စေလွှတ်တော်ကိုသာပြောဆိုပါဟုသာမရေမရာအဖြေများပေးကြပါသည်။

          ကျွန်ုပ်တို့ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂမှတွေ့ကြုံခဲ့ကြသောယခုဖြစ်စဉ်တွင်ကျောင်းသားထုအားသရော်စော်ကားသောစကားများကိုပြောဆိုခဲ့ကြသောဆရာနှစ်ဦးသည်တက္ကသိုလ်တွင်စာသင်ကြားသောကျောင်းဆရာများမဟုတ်ပဲစစ်တပ်မှအငြိမ်းစားယူထားသောစစ်အရာရှိများအားတက္ကသိုလ်ကျောင်းသား/သူများ၏လှုပ်ရှားမှုများကိုစောင့်ကြည့်ဟန့်တားနိုင်ရန်ထောက်လှမ်းရေးဆန်ဆန်အစိုးရကခန့်ထားသောဆရာများဖြစ်နေခြင်းကိုစီစစ်တွေ့ရှိရပါသည်။ထိုစစ်ဗိုလ်အငြိမ်းစားဆရာများသည်တက္ကသိုလ်ဆရာတစ်ဦး၏ဂုဏ်သိက္ခာနှင့်မလျှော်ညီစွာရုန့်ရင်းကြမ်းတမ်းသောစကားများ၊အပြုအမူများဖြင့်ကျောင်းသား/သူများအားယခင်ကတည်းကပင်အကြိမ်ကြိမ်အခါခါကိုယ်ထိလက်ရောက်စော်ကားခဲ့ကြသူများဖြစ်သည်။စာတတ်ပေတတ်တက္ကသိုလ်ဆရာအများစုနှင့်ခြားနားစွာကျောင်းသား/သူများအားမိမိတို့၏တပည့်သားမြေးများဟုအထင်မရှိသည့်အပြင်ပြဿနာဖြစ်ဖွယ်ရှိသည်ဟုယူဆပါကယခုဖြစ်စဉ်ကဲ့သို့အာဏာပိုင်အဖွဲ့အစည်းများအားအကြောင်းကြား၍ကျောင်းသား/သူများအားလာရောက်ဖမ်းဆီးရန်စေခိုင်းခြင်းသည်ဆရာဂုဏ်နှင့်မည်သို့မှလျှော်ညီကြခြင်းမရှိကြောင်းမှာထင်ရှားပါသည်။ကျွန်ုပ်တို့ဗကသကျောင်းသား/သူများသည်ဗကသများအဖွဲ့ချုပ်၏သမဂ္ဂလုပ်ငန်းဆောင်တာများအားယခု

ထက်ပို၍ကြိုးပမ်းဆောင်ရွက်သွားကြမည်ဖြစ်သည့်အပြင်ယခုဖြစ်စဉ်ကဲ့သို့ကျောင်းသားထုတစ်ရပ်လုံးအားသရော်စော်ကားသည့်ဖြစ်ရပ်မျိုးထပ်မံကြုံတွေ့လာပါကဖြစ်နိုင်ချေရှိသည့်နည်းလမ်းပေါင်းစုံဖြင့်ချက်ချင်းပြန်လည်ဆောင်ရွက်သွားမည်ဖြစ်သဖြင့်ဖြစ်ပေါ်လာမည့်ပြဿနာရပ်တိုင်းသည်တက္ကသိုလ်ဆရာဂုဏ်နှင့်မလျှော်ညီသောကျောင်းဆရာများအားခန့်အပ်ထားသောအစိုးရနှင့်ကျောင်းအာဏာပိုင်များအပေါ်တွင်သာလုံးဝတာဝန်ရှိကြောင်းပြောကြားလိုပါသည်။

ဗကသများအဖွဲ့ချုပ်၊ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားသမဂ္ဂရဲဘော်များ


No comments:

Post a Comment

ဝေဖန်အကြံပေးနိုင်ပါသည်