"ခေါင်းဆောင်လေလား၊နောက်လိုက်လား" သို့" ဗမာ့ပညာရေးအတွင်းသရုပ်"
"ကျောင်းသား၊ကျောင်းသူတိုင်း ကျောင်းသားကဒ်ချိတ်ဆွဲပြီးမှ ၀င်ရောက်ခွင့်ပြုမည်" ၊"ကျောင်းတွင်းအတွင်း မည်သည့်ယာဉ်မှ မ၀င်ရ" ၊"ကျောင်းသားကျောင်းသူများ မြန်မာယဉ်ကျေးမှုနှင့်အညီ ၀တ်စားဆင်ယဉ်ရမည်"။ အထက်ပါစာတမ်းများကတော့ ယနေ့ ခေတ်တက္ကသိုလ်တက်နေသော မည်သည့်တက္ကသိုလ်ကျောင်းသားကျောင်းသူမဆို နေ့စဉ်ကျောင်းဝင်ပေါက်ရောက်တိုင်း မြင်တွေ့နေရသော စည်းကမ်းဆိုင်းဘုတ်များပင်ဖြစ်သည်။ ထို့အပြင်"ဤတက္ကသိုလ်ဝင်းအတွင်း မည်သူမဆို လုံခြုံရေးအရစစ်ဆေးခံရမည်" "ကျောင်းသားများ ဘောင်းဘီရှည်မ၀တ်ရ" ၊ကျောင်းသူများ ပန်းမပန်ရ၊သနပ်ခါးမလိမ်းရ"၊"စာသင်ချိန်အတွင်း စားသောက်ဆိုင်တန်းတွင် ရှိမနေစေရ"၊"ကျောင်းသားနားနေဆောင် (RC)ကို မည်သည်ကျောင်းသူမှ မလာရ"၊ ကျောင်းသူနားနေဆောင်ကို မည်သည့် ကျောင်းသားမှမလာရ" စသည့်စသည့် စည်းကမ်းဆိုင်းဘုတ်များကိုလည်း ကျောင်းဝင်းအနှံနေရာမျိုးစုံတွင် လက်ညှိုးထိုးမလွဲ စိုက်ထူထားသည်ကို နေ့စဉ်အမြဲတွေ့ရှိနေရသည်။
၎င်းစည်းကမ်းများသည် တက္ကသိုလ်တစ်ခုတည်းတွင် ထုတ်ပြန်ထားခြင်းမဟုတ်ဘဲ မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်အား လုံးတွင် ထုတ်ပြန်ထားသော စည်းကမ်းများဖြစ်သည်။ အဆိုပါစည်းကမ်းများသည် အနှစ်လေးဆယ် နှစ်ရှည်ပညာရေး စီမံကိန်း၏ အတွင်းသရုပ်အဖြစ်လည်းကောင်း အစိုးရ၏ပညာရေးနှင့် ကျောင်းသားကျောင်းသူများအပေါ်ထားရှိသော မူဝါဒတစ်ရပ် အဖြစ် လည်းကောင်း ရှမြင်သူနည်းလှပေသည်။ အပေါ်ယံအမြင်တွင်ကျောင်းသားကျောင်းသူများ စည်းကမ်းပြည့်ဝသေ၀ပ်စေရန် ချမှတ်ထားသော စည်းကမ်းများဟု ထင်ကောင်းထင်နိုင်သော်လည်း နက်နဲစွာတွေးဆကြည့်ပါက ကျောင်းသားထုတစ်ရပ်လုံးကို လွတ်လပ်စွာတွေး တောဆင်ခြင်နိုင်စွမ်းအား(creative thinking)ကို တင်းကြပ်စွာ ချုပ်ကိုင်ထားပြီး အမိန့်နာခံသေ၀ပ်မှု (obedience) ရှိသွားစေရန် ရည် ရွယ်ချက်ရှိရှိ တားမြစ်ထားမှန်း သိသာစေပါသည်။ တနည်းဆိုရသော် အနာဂတ်နိုင်ငံတော်အတွက် ခေါင်းဆောင်ကောင်းများ မွေးထုတ် ပေးနိုင်သော ပညာရေးစနစ်မဟုတ်ဘဲ နောက်လိုက်ကောင်းများ မွေးထုတ်ပေးနေသော ပညာရေးတစ်ခုကို ရုပ်လုံးဖော်ဆောင်ရွက်နေ ခြင်းဖြစ်ပါသည်။
အင်္ဂလိပ်အစိုးရ မြန်မာနိုင်ငံကို အုပ်ချုပ်စဉ်အခါက ၎င်းတို့၏ ဗျူရိုကရေစီ အုပ်ချုပ်ရေး ယန္တယားလည်ပတ်စေရန် အတွက် အင်္ဂလိပ်အရာရှိများလက်အောက်တွင် အမှုထမ်းနိုင်မည့် တိုင်းရင်းသား(I.C.S)အရာရှိများကို မွေးထုတ်ပေးသော ကျွန်ပညာရေးစနစ်နှင့် များစွာထူးမခြားနားလှကြောင်း သုံးသပ်တွေ့ရှိရသည်။
ယနေ့ခေတ်အုပ်ချုပ်ရေးကဏ္ဍတွင် အုပ်ချုပ်သူ လူတန်းစားအဖြစ် အင်္ဂလိပ်အရာရှိဆိုးများမရှိသော်လည်း ထိုအင်္ဂလိပ်အရာရှိဆိုးများနေရာတွင် စစ်တပ်မှ အငြိမ်းစားယူ၍ အရပ်ဖက်ပြောင်းလာသောအရာရှိများနှင့် စစ်တပ်မှတိုက်ရိုက်ခန့်အပ်ထားသောစစ်သားဆန် သည့် အရပ်ဖက်အရာရှိဆိုးများ အစိုးရဌာနအသီးသီးတွင် အစားထိုးမင်းမူကြီးစိုးနေကြကြောင်း ပြည်သူတစ်ရပ်လုံးအသိပင်ဖြစ်သည်။၎င်း အရာရှိဆိုးများလက်အောက်တွင်မှ မြန်မာနိုင်ငံရှိတက္ကသိုလ် အသီးသီးမှ ဘွဲ့ရလာသော လူငယ်မောင်မယ်များက အင်္ဂလိပ်အစိုးရလက် ထက် မြန်မာ(ICS) အရာရှိများကဲ့သို့ ၀င်ရောက်အမှုထမ်းနေကြရပြီး စစ်အစိုးရတစ်ဖြစ်လဲ ကြံ့ဖွံအစိုးရ၏"အထက်ဖားအောက်ဖိ ဗျူရိုကရေစီယန္တယား" ကို လှုပ်ရှားလည်ပတ်အောင်အကောင်အထည်ဖော်နေကြရပေသည်။
စစ်အစိုးရအနေဖြင့် ထိုသို့အုပ်ချုပ်ရေးယန္တယားဖြစ်ပေါ်လည်ပတ်လာစေရန် ပညာရေးကဏ္ဍကို တစ်ဆင့်ချင်း အကောင်ထည် ဖော် ဆောင်ရွက်ခဲ့ကြောင်း ပြီးခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း (၁၉၈၈မှ ၂၀၁၀ ကာလ)၎င်းတို့ အာဏာသိမ်းပြီးသည့် အချိန်မှစ၍ လုပ် ဆောင်ချက်များကို ပြန်လေ့လာကြည့်ပါက လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားစွာသိမြင်နိုင်ပါသည်။
၁၉၈၈အရေးတော်ပုံ မတိုင်ခင်ကာလက ရန်ကုန်မြို့ရှိ လှည်းတန်းလမ်းဆုံမှ အင်းစိန်မြို့နယ်အထိ ပြည်လမ်းတစ်လျှောက်သည် တက္ကသိုလ်အများစုတည်ရှိသည့် တက္ကသိုလ်နယ်မြေဖြစ်ပြီး ထိုတက္ကသိုလ်နယ်မြေသည် တက္ကသိုလ်ပေါင်းစုံမှ မြန်မာနိုင်ငံဒေသအသီးသီးရှိ အနာဂတ်ခေါင်းဆောင်ပညာတတ်လူငယ်များ စုစည်းညီညွတ်စွာ လှုပ်ရှားရှင်သန်ခဲ့ရာ ဘူမိနက်သန်ဖြစ်ခဲ့သည်။ ထို့ကြောင့်ပညာရေး က ဏ္ဍဖြစ်စေ၊နိုင်ငံတော်အတွင်းအခြေနေအကြောင်းတစ်စုံတရာပေါ်ပေါက်လျှင်ဖြစ်စေ၊ အစိုးရက မှားယွင်းသော ပေါ်လစီများချမှတ်လျှင် ဖြစ်စေ အုပ်ချုပ်သူလူတန်းစားအစိုးရ နှင့် အနာဂတ်ခေါင်းဆောင်လူငယ်တို့ အကြား ခေတ်အဆက်ဆက် ပဋိပက္ခဖြစ်ပွားရာ နေရာတစ် ခုဖြစ်ခဲ့သည်။ အဆိုပါအင်အားစုနှစ်ခု (တစ်နည်းအားဖြင့် အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံ)တို့ အကြား စုစည်းညီညွတ်မှုအင်အားချိန်ခွင်လျှာ ညီမျှနေသဖြင့် အုပ်ချုပ်သူအစိုးရဘက်မှ အလျှော့ပေးလိုက်လျောခဲ့ရသည့် ဖြစ်စဉ်များလဲရှိခဲ့ပေသည်။၁၉၈၈ခုနှစ် စစ်အာဏာသိမ်းပြီး န.၀.တ စစ်အစိုးရ လက်တလောအချိန်မှစ၍ ထိုသို့စုစည်းညီညွတ်နေသော အင်အားစုတစ်ခုဖြစ်တစ်ခုဖြစ်သော ပညာတတ်လူတန်းစား ကျောင်းသားများကို ရည်ရွယ်ချက်ရှိစွာဖြိုခွဲ သည့်လုပ်ရပ်များကို တစ်ဆင့်ခြင်းဆောင်ရွက်ခဲ့သည်။ တက္ကသိုလ်ကျောင်းသားများကို အနယ် နယ်အရပ်ရပ်တွင် တည်ဆောက်ဖွင့်လှစ်၍ ကျောင်းသားအင်အားစု၏ စုစည်းညီညွတ်မှုကို ဖြိုခွခြင်း၊သင်ရိုးညွှန်းတမ်းများကို နိုင်ငံ တကာအဆင့်မီခေတ်နဲ့ လျှော်ညီစွာပြုပြင်ခြင်းမရှိဘဲ အမိန့်နာခံတတ်စေရန် သင်ကြားခြင်း၊ တစ်ချိန်က လက်နက်နိုင်ငံတော်တည် ထောင်ခဲ့သည့် သမိုင်းများ၊ ရှင်ဘုရင်ဘုန်းတော်ဘွဲ့များ၊ ရှေးရိုးစွဲ အယူအဆ အတိတ်နမိတ်များစသည့် သင်ရိုးများကိုသာ ပြဌာန်းခြင်းများကို ပြုလုပ်ခဲ့ပြီး လူငယ်ထု အတွင်း အမိန့်နာခံတတ်မ၊ှုသစ္စာစောင့်သိမှုနှင့် အားကြီးသူနိုင်စတမ်း စိတ်ဓာတ်များ ရိုက်သွင်းခြ့ပြီး မြန်မာ့ပညာရေး နှင့် အနာဂတ် ခေါင်းဆောင်များ၏ စိတ်ဓာတ်ကို ရိုက်ချိုးဖျက်ဆီးခဲ့သည်။
အခြားတစ်ဖက်တွင် ဖြိုခွင်းဖျက်ဆီးလိုက်သော အနာဂတ်ခေါင်းဆောင်လူငယ် အင်အားစုနေရာတွင် အရံသင်အစားထိုးနိုင်ရန် အတွက်လည်းကောင်း၊ ဗျူရိုကရေစီပညာရေးစနစ် (Bureaucracy Education System)မှမွေးထုတ်ပေးလိုက်သော နောက်လိုက်ကောင်း ဗျူရိုကရက်များကို အုပ်ချုပ်ရန်အတွက်လည်းကောင်း၊ စစ်အစိုးရတစ်ရပ်လုံး (Military Government Institution) ကိုအင်အားကောင်း အောင် နိုင်ငံတော်တစ်ခု(State)အတွင်း အခြားနိုင်ငံတော်(State)တစ်ခု သွပ်သွင်းတည်ဆောက်သည့်နည်းလမ်းဖြင့်တည်ဆောက်ခဲ့ကြသည်။ ထင်ရှားသောလုပ်ဆောင်ချက်များမှာ အ၇ပ်ဘက်ဆေးတက္ကသိုလ်များ၊နည်းပညာတက္ကသိုလ်များ၊သူနာပြုတက္ကသိုလ်များ ရှိပြီးသား ဖြစ်သော်လည်း စစ်ဆေးတက္ကသိုလ်၊ စစ်အင်ဂျင်နီယာတက္ကသိုလ်၊ တပ်မတော်သူနာပြုတက္ကသိုလ်များ ထပ်မံတည်ဆောက်ပြီး စစ်တပ်အဖွဲ့ အစည်းကြီး (Military Institution)တစ်ခုလုံးအင်အားကောင်းအောင် ဖန်တီးခဲ့သည်။ ထိုသို့ဖန်တီးခြင်းဖြင့် ယခင်ကတက္က သိုလ်ဘွဲ့ရပြီးမှ စစ်တပ်တွင်အမှုထမ်းခဲ့သော "ကျောင်းသားဆန်သော စစ်အရာရှိများ"နေရာတွင် တက္ကသိုလ်ဝင်တန်းအောင်ပြီး အတွေး အခေါ် နုနယ်သေး သော လူငယ်လူရွယ်များကို စစ်တပ်အတွင်းတိုက်ရိုက်သွပ်သွင်း၍ "စစ်သားဆန်သော အရာရှိများ" အဖြစ်အစားထိုး၍ အထက်အောက်အမိန့် နာခံတတ်မှု သစ္စာစောင့်သိကျိုးနွံမှုတို့ပိုမို ခိုင်မာလာပြီး ဗျူရိုကရက်စစ်အုပ်ချုပ်ရေး ယန္တရား တွင်အားကိုးရသော အရာရှိများနှင့် လှုပ်ရှား လည်ပတ်စေခဲ့သည်။ အရပ်ဘက်တက္ကသိုလ်များမှ ဘွဲ့ရရှိလာသော လူငယ်မောင်မယ်များမှာမည်မျှပင်တော်နေ တတ်နေသည်ဖြစ်စေ စစ်တပ်မှခန့်အပ်ထားသော အငြိမ်းစားစစ်အရာရှိများ ၊အရပ်ဘက်ပြောင်းလဲတာဝန်ထမ်းဆောင်နေသော စစ်အရာရှိ များ၏ လက်အောက် တွင် စစ်တပ်ပုံစံ အုပ်ချုပခံည်ေပတ်အမှုထမ်းနေရင်း ၎င်းတို့ ကိုယ်တိုင်မသိလိုက်ပါဘဲ "ဗျူရိုကရေစီ စစ်အုပ်ချုပ်ရေး ယန္တယား" ၏ အုပ်တစ် ချပ်သဲတစ်ပါင့် အနေနှင့် အသုံးချခံနေကြရရှာသည်။
၁၉၈၈မှခုနှစ်မှစတင်၍မြန်မာနိုင်ငံကို ခေတ်အဆက်ဆက် အုပ်ချုပ်လာသောအစိုးရသည် န.၀.တ၊န.အ.ဖ၊ ကြံ့ဖွတ်အစိုးရအဖြစ် မည်မျှပင်အမည်ပြောင်းလဲခဲ့သော်လည်း ပညာရေးစနစ်ပေါ်ဖွံ့ဖြိုးတိုးတက်လောစေရန် စိတ်ရင်းစေတနာအမှန်တကယ်မရှိဘဲ စစ်အုပ်ချုပ်ရေး အခြေခံခိုင်မာလာစေရန်သာရည်ရွယ်ပြီးလုပ်ဆောင်နေခြင်းဖြစ်ကြောင်းထင်ရှားပါသည်။ ယနေ့ခေတ်ပညာရေး၏ယိုပေါက်များဖြစ် သော နိုင်ငံတကာအဆင့်မမီတော့သောသင်ရိုးများ၊ အမှန်တကယ်တတ်မြောက်စေခြင်းမရှိသော သင်ကြားရေးနည်းစနစ်များ၊ ငွေပေးအတန်းအောင်နေသော အကျင့်ဆိုးများကို ပြုပြင်ခြင်းမရှိဘဲ စည်းမျဉ်းစည်းကမ်းများသာ တစ်မျိုးပြီးတစ်မျိုးထုတ်ပြန်၍ တက္ကသိုလ်ဝင်းကို အကျဉ်း ထောင်အဖြစ် ပြောင်းလဲနေခြင်းကို ယနေ့ခေတ် ကျောင်းသားကျောင်းသူတို့ကိုယ်တိုင်သိမြင်နားလည်ကြဖို့လိုပါသည်။ စာရွက်ပေါ်မှာသာ ရှိပြီးလက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှုနည်းသော မူလတန်းအခမဲ့ပညာရေးစနစ်၊အမှန်တက်ယ်တတ် မြောက်ခြင်းမရှိဘြ အချိန်တန်ခင် အလုပ်သမားဖြစ်သွားရသော ကျောင်းသားကျောင်သူများ၊ တက္ကသိုလ်ဝင်းနားတစ်ခေါ်စာပင်မဝေးသော အရက်ဆိုင်များ အတွင်း မူးရစ်နေကြသော ကျောင်းသားများ၊ အနယ်နယ် အရပ်ရပ်မှ မိဘမျက်ကါယ်တွင်ကျောင်းလာတက်ရင်း အရှက်တ ကွဲ အကျိုးနည်း ဖြစ်နေကြသော အဆောင်နေကျောင်းသူများ၊ ရပ်ကါက်အတွင်းဆိုးသွမ်းလူငယ်များ၊ကားစပယ်ယာများနှင့် မကြာခဏ ရိုက်ပွဲဖြစ်နေကြသော ကျောင်းသားများ၊တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများကို ပစ်မှတ်ထားနေသော (Day Club) များ၊ show ပွဲများစသည်တို့သည် မတော် တဆ ဖြစ်ပျက်နေခြင်းမဟုတ်ဘဲ တမင်တကာကြံရွယ်ကျုံးသွင်းလုပ်ဆောင်နေမှု တမင်တကာပြုပြင်မှုမရှိခြင်းတို့ ကြောင့် ဖြစ်နေကြ ရကြောင်းကို ကျောင်းသားထုတစ်ရပ်လုံး သတိပြုမိဖို့လိုပါသည်။
ပညာရေးစနစ် ယိုယွင်းမှု၏ ပြယုဂ်အဖြစ် ယနေ့တက္ကသိုလ်ကျောင်းသားကျောင်းသူများ၏ အခက်အခဲများကို အနည်းငယ်တင်ပြ လိုပါသည်။ ဗမာ့တက္ကသိုလ်ပညာရေးကို အဝေးသင်တက္ကသိုလ်ပညာရေးနှင့် နေ့သင်တန်း တက္ကသိုလ်ပညာရေးအဖြစ် နှစ်မျိုးခွဲခြားထားပြီး နေ့သင်တန်း(Day)မှာ အထူးသဖြင့်ငွေကြေးအတန်အသင့် သုံးစွဲနိုင်သော အထက်တန်းလွှာနှင့် အလယ်အလတ်လူတန်းစားများ၏ သားသမီးများ တက်ရောက်သင်ကြားကြပြီး အဝေးသင်တက္ကသိုလ်(U.D.E)မှာတော့ အခြေခံလူတန်းစားများနှင့် ၀န်ထမ်းသားသမီးများ၊ အလုပ်တစ်ဘက်နှင့်ကျောင်းတက်နေရသော ကျောင်းသားကျောင်းသူများ တက်ရောက်ကြပါသည်။ နေ့သင်တန်း(Day)တွင် တက်ရောက်နေကြသော ကျောင်းသားကျောင်းသူအများစုမှာ ဓတ်ခွဲခန်းကြေး၊ကျောင်းဝင်ကြေးများကို ကျောင်းအပ်တိုင်းမပျင်မကွက်ပေးသွင်းနေရသော်လည်း လက်တွေ့တွင် မပြည့်စုံသောစက်ပစ္စည်း ဓတ်ခွဲခန်းကိရိယာများကိုသာ သုံးစွဲနေကြရသည်။
အခြားတဖက်တွင်မြင့်မားလာသော ကုန်ဈေးနှုန်းနှင့်အပြိုင်ဈေးတက်လာသော ကျူရှင်ခများ၊စာအုပ်စာတမ်းစာရေးကိရိယာဖိုးနှင့် ဖယ်ရီကားခကိုလဲ လစဉ်မှန်မှန်ကြိုးစားပေးဆောင်နေကြရသည်။ ပြင်ပစားသောက်ဆိုင်များ၏ဈေးနှုန်းထက်ကြီးမြင့်နေသော ကျောင်းစား သောက်ဆိုင်များ၏ တစ်ဘက်တစ်လမ်းမှ နှိပ်စက်မှုဒါဏ်ကိုလည်း ခံနေကြရသည်။ ထို့ပြင်ကျောင်းခေါ်ချိန်(၇၅%)မပြည့်မှု၊ကျောင်းစည်းကမ်း များဖောက်ဖျက်မှုစသည့်ပြစ်ချက်များကြောင့် ကျောင်းထုတ်ကျောင်းနားခံနေ၇သော ကျောင်းသားကျောင်းသူများကလည်း ဒုနှင့်ဒေးပင်။ မပီပြင်သောသင်ကြားရေးစနစ်များကြောင့် အမှန်တကယ် ပညာတတ်မြောက်ခြင်းမရှိသော်လည်း "မအောင်မနေရ ပညာရေးစနစ်"အရ စာမေးပွဲကျရှုံးသောဘာသာရပ်များအားပြန်လည်ဖြေဆိုကြရပြီး ဘွဲ့ရသွားသော ကျောင်းသား ကျောင်းသူ များကလည်း မရေမတွက်နိုင်အောင်များပြားလှသည်။
တက္ကသိုလ်ဆရာ၊ ဆရာမများသည်လည်း အနှစ်မရှိသော ပညာရေးစနစ်၏ ရိုက်ခတ်မှုဒဏ်ကို ခံနေကြရသည်။ သတ်မှတ်ကာလ အပိုင်းအခြားအတွင်း သင်ကြားမှုပြီးစီးရမည်ဟု ပညာရေးဝန်ကြီးဌာနမှ ချမှတ်ပေးထားသော သင်ခန်းစားများ သင်ကြားပြီးမြောက်၍ အထက်လူကြီးများ၊ ပါမောက္ခများ ငြိုငြင်ခံရမှုမရှိစေရန် တပည့်များ နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ တတ်သုတ်ရိုက်သင်ကြားနေကြရပြီး ပညာရေးနှင့် ကျောင်းသားကျောင်းသူများအရေးကိစ္စများတွင်တော့ ခပ်လျှိုလျှိုနေတတ်သော အမူအကျင့်မှာ ယနေ့တက္ကသိုလ်ဆရာ၊ ဆရာမများ၏ အလေ့အထတစ်ခုဖြစ်လာနေသည်။ ထိုသို့အာမခံချက်မရှိ သော ပညာရေးစနစ်ကြောင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူအများစုမှာ တက္ကသိုလ်ပညာရေးသင်ကြားရင်း တစ်ဖက်မှလည်း အခြားပညာရပ်သင်တန်းများကို ငွေကုန်ကြေးကျခံကာ သင်ယူနေကြရသည်။ ယခုခေတ် တက္ကသိုလ်ကျောင်းသားကျောင်းသူအများစုမှာ မိမိတို့သင်ကြားနေကြရသော ပညာရေးစနစ်အပေါ် ယုံကြည်မှုလုံးဝကင်းမဲ့နေကြပြီး ဤပညာရေးစနစ်အရ ရရှိလာမည့်ဘွဲ့ကို အဆောင်အယောင် ဂုဏ်တစ်ခု၊ ပြယုဂ်တစ်ခုအဖြစ်သာ သတ်မှတ်ထားကြသည်။ တက္ကသိုလ်များမှ ရရှိလာသော ဘွဲ့မှာ ဘ၀ရပ်တည်ရေးအတွက် အလုပ်တစ်နေရာစာမျှ လောက်ကိုပင်အာခံချက်မရှိခြင်းကြောင့် ပညာရေးစနစ်နှင့်ဘွဲ့အပေါ် တန်ဖိုးမထားခြင်းမှာ များစွာထူးခြားလှသော အကြောင်းအရာ တစ်ခုတော့မဟုတ်ပေ။
ထို့ကြောင့် ဘွဲ့ရရှိပြီးပါက သင်တန်းတစ်ခုခုတတ်၍ နိုင်ငံခြားထွက်အလုပ်လုပ်ကြခြင်းဓလေ့မှာ လူငယ်များအကြားခေတ်ပေါ်ယဉ် ကျေးမှုအဖြစ် မြန်မာနိုင်ငံတွင် အဆမတန်ကြီးထွားလာနေခြင်းဖြစ်ပြီး မြန်မာ့လူ့ဘောင်အတွင်းတွင် အခြားဖွံ့ဖြိုးဆဲနိုင်ငံများထက်ပို၍ ဦးနှောက် ယိုစီးမှုပြဿနာကို ပိုမိုရင်ဆိုင်လာနေကြရခြင်းဖြစ်သည်။ ကျောင်းသားလူငယ်ထုအတွင်း မိမိတို့သင်ကြားနေကြရသော ပညာရေး စနစ် အပေါ်အယုံအကြည်မရှိတော့ခြင်းသည် နိုင်ငံ၏အနာဂတ်အတွက် အကြီးမားဆုံးသော ပြဿနာတစ်ခုပင်ဖြစ်သည်။ လွန်ခဲ့သော အနှစ် ငါးဆယ်ကာလက ရန်ကုန်တက္ကသိုလ်သည် အရှေ့တောင်အာရှတွင် ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခုဖြစ်ခဲ့ခြင်းသည် ယနေ့ခေတ်လူငယ် ကျောင်းသားများအတွက် ယုံတမ်းပုံပြင်တစ်ခုအဖြစ်သာ အတိတ်ကာလတွင် ကွန်လွန်ကျန်ရစ်ခဲ့ပြီဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးမှု နောက်ကျနေခြင်း၊ အခြားနိုင်ငံများနှင့်ယှဉ်လျင် နည်းပညာကွာဟချက်ကြီးမားနေခြင်း၊ နိုင်ငံတော်၏ သာမာန်အခြေ အနေလေးအတွင်းပင် ပြည်သူတိုင်းရှင်သန်ရပ်တည်ရေး ခက်ခဲနေခြင်းအရင်းခံပြဿနာဇစ်မြစ်သည် အမှန်စင်စစ်အားဖြင့် စနစ်တကျ ဖြိုခွင်းခံ ထားရသော ပညာရေးစနစ်ကြောင့်ဖြစ်ကြောင်းကို ကျောင်းသားကျောင်းသူတိုင်း သဘောပေါက်နားလည်ကာ အဖက်ဖက်က ပျက်စီးယိုယွင်း နေသောမိမိတို့ပညာရေးစနစ်ကို မိမိတို့ကိုယ်တိုင် ပြုပြင်ပြောင်းလဲ၍ ဒီမိုကရေစီပညာရေးနစ်ဆီသို့ ဦးတည်ချီတတ်ကြဖို့ အချိန်တန်ပြီဖြစ် ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။
မင်းသွေးသစ်
ဗကသများအဖွဲ့ ချုပ်
No comments:
Post a Comment
ဝေဖန်အကြံပေးနိုင်ပါသည်