Wednesday, June 27, 2012
အိုးဝေ စာကြည့်တိုက်နှင့်ပညာဒါနသင်တန်းကျောင်း ဖွင့်ပွဲဖိတ်ကြားလွှာ
“ပန်းတိုင်မပျောက်ပါစေနှင့်”
"ပန်းတိုင်မပျောက်ပါစေနှင့်"
ကျွန်တော်စာမရေးဖြစ်တာကြာပါပြီ။လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ထဲကကျွန်တော်တို့ ရဲ့
(ဗ.က.သ) ရဲဘော်တွေ ပြန်လည်လွတ်မြောက်လာချိန်ကစလို့  ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ်(ဗ.က.သ) ပြန်လည်ဖွဲ့ စည်းရေး အလုပ်တွေ၊ နိုင်ငံအနှံ့ ခရိုင်တွေမှာကျောင်းသားသမဂ္ဂပေါ်ပေါက်ရေး
ကြိုးပမ်းရတဲ့တာဝန်တွေနဲ့  မအားလပ်နိုင်ခဲ့ပါဘူး။ဒါပေမဲ့အခုမအားလပ်တဲ့ကြားကပဲ မရေးမဖြစ်တဲ့အဖြစ်တွေ
ပေါ်ပေါက်လာသည့်အတွက်အများပြည်သူသိအောင်ချမရေးပြချင်တဲ့အကြောင်းအရာတွေကိုရေးပြရတော့မှာပါ။ဒီစာ
အတွက် အလုံးစုံကျွန်တော်တာဝန်ယူသလို ဒီစာပါအကြောင်းအရာများဟာလဲ ကျွန်တော်ဘာကိုမှမျှော်ကိုး
လို့ ရေးပြတာမဟုတ်ပါဘူးဆိုတာ ကြိုတင်ပြောထားပါရစေ။ ကျွန်တော်ရဲ့အဓိကရည်ရွက်ချက်ကတော့ပြည်တွင်း
ကရောပြည်ပမှာပါရှိနေတဲ့ကျောင်းသား မျိုးဆက်များစွာကကျွန်တော်တို့ ရဲ့ ကျောင်းသားရဲဘော်တွေဟာဗကသ
ဆိုတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်ရဲ့သမိုင်းတန်ဖိုးနဲ့ လက်ဆင့်ကမ်းပေးခဲ့တဲ့ မျိုးဆက်
တာဝန်ကို ဘယ်လိုအခက်အခဲတွေကြားထဲက တာဝန်ကြေပွန်အောင်ဘယ်လိုထမ်းဆောင်နေရတယ်ဆိုတာသိ
ရှိနားလည်ပြီး ဗကသများအဖွဲ့ ချုပ်အပေါ်ကို ပိုမိုတန်ဖိုးထားတတ်လာအောင်ရယ်၊ပြည်တွင်းက ကျောင်းသားရဲ
ဘော်တွေအပေါ်စာနာနားလည်လာနိုင်ဖို့ ရယ်ပါပဲ။ထပ်ပြောပါရစေ။ကျွန်တော်ဘယ်လူပုဂ္ဂိုလ်တစ်ဦးတယောက်၊
အဖွဲ့ အစည်းတစ်ခုကိုမှစောင်းမြောင်းထိခိုက်စေလိုတဲ့ အကြောင်းအရာ သို့ မဟုတ် ရည်ရွယ်ချက်လုံးဝမပါဘူး
ဆိုတာသစ္စာပြုရဲပါတယ်။
လွန်ခဲ့တဲ့ဆယ်ရက်ကျော်ကျော်လောက်ကပဲ အွန်လိုင်းပေါ်က၀က်ဆိုက်ဒ်တစ်ခုမှာ ကျောင်းသားခေါင်း
ဆောင်ဟောင်းတစ်ဦးရေးထားတဲ့ "တစ်ခုတည်းသောကျောင်းသားသမဂ္ဂ၊တစ်ခုတည်းသောဗဟို" ဆိုတဲ့ဆောင်း
ပါးကိုဖတ်မိပြီးကြိုက်လွန်းတဲ့အတွက် ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဝက်ဆိုက်ဒ်ဖြစ်တဲ့ "ရန်ကုန်ကျောင်းသား(ရကသ)" www.yakatha.blogspot.com မှာတင်ထားခဲ့ပါတယ်။အဲဒီရက်ပိုင်းအတွင်းမှာပဲ အင်တာနက်ဝက်ဆိုက်ဒ်တွေ
ထဲမှာ ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်တဲ့ဝေဖန်ချက်တွေ၊ပြောဆိုချက်တွေ ပျံ့ နှံ့ နေတာတွေ့ ရပါတယ်။ပြီးခဲ့တဲ့
လေးရက်ကတော့ ၇ ဇူလိုင်နှစ်ငါးဆယ်ပြည့်နဲ့ ပတ်သက်ပြီး အရင်က ဗကသမှာတာဝန်ယူပြီး ယခုအထိလည်း
နိုင်ငံရေးလောကမှာအခန်းကဏ္ဍကိုယ်စီနဲ့ ဆက်လက်တာဝန်ထမ်းဆောင်နေကြတဲ့ ကျောင်းသားသမဂ္ဂခေါင်း
ဆောင်ဟောင်းကြီးများဖြစ်တဲ့ ဦးလှရွှေ၊ဆရာအောင်ဝံသ၊ဆရာဝင်းထွဋ်ဇော်၊ဦးတင်အေးတို့ နဲ့ စကားဝိုင်းဖွဲ့ ပြီး
ဟိုးအရင် (၇.၇.၆၂) တုန်းကသူတို့ ကိုယ်တွေ့ ကြုံခဲ့ရတဲ့ ၇ ဇူလိုင်အရေးအခင်းအတွေ့ အကြုံတွေကို ဗ.က.သ
မျိုးဆက်သစ်များကိုလက်ဆင့်ကမ်းပြောပြတဲ့စကားဝိုင်းလေးလုပ်ဖြစ်ခဲ့ပါတယ်။ကျွန်တော်တို့ အတွက်တန်ဖိုးမ
ဖြတ်နိုင်တဲ့သမိုင်းဆိုင်ရာအမှန်တရားတွေကိုသိရှိခဲ့ပါတယ်။ဒီအတွက်စကားဝိုင်းဖြစ်မြောက်အောင်ဝိုင်းဝန်းကူညီ
လုပ်ဆောင်ပေးခဲ့တဲ့သူတွေရော၊သမိုင်းစကားလက်ဆင့်ကမ်းပေးခဲ့တဲ့ ဗ.က.သရဲဘော်ဟောင်းကြီးတွေကိုရော
အလွန်ပဲကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။အဲဒီစကားဝိုင်းမှာ ဆရာမောင်ဝံသက စကားတစ်ခွန်းပြောပါ
တယ်။သူတို့ လက်ထက်၊သူတို့ ခောတ်တုန်းကလဲကျောင်းသားတွေကြားမှာ ကိုယ့်အယူအဆ၊ကိုယ့်ဝါဒနဲ့ ကိုယ်
အမျိုးမျိုးကွဲနေတာပါပဲတဲ့။ဒါပေမယ့် ဘယ်လိုပဲကွဲပြားနေသည်ဖြစ်စေ ကျောင်းသားသမဂ္ဂအမှုဆောင်ရွေးပွဲမှာ
အနိုင်ရရှိသူကိုရှုံးနိမ့်သူကလက်ဆွဲနှုတ်ဆက်ပြီးထွက်ပေါ်လာတဲ့ရလဒ်ကိုဒီမိုကရေစီနည်းလမ်းကျကျ ကျေနပ်
စွာလက်ခံပေးခဲ့တာချည်းပါပဲတဲ့။ဘယ်လောက်ပဲပြိုင်ဆိုင်မှုပြင်းထန်နေပါစေ၊ အယူဝါဒခြင်းဆန့် ကျင်ဘက်ဖြစ်
နေပါစေ ကိုယ်ခေါင်းဆောင်မလုပ်ရလို့ ကျောင်းသားသမဂ္ဂကို နောက်တခုထပ်ထူထောင်သူမရှိခဲ့ပါဘူးတဲ့။ ဘာ
ကြောင့်လဲဆိုတော့ "လူ" ကိုမလေးစားရင်တောင် "မူ" ကိုလေးစားတယ်၊ ဗ.က.သရဲ့ သမိုင်းဂုဏ်ရောင်ကိုတန်ဖိုး
ထားတဲ့အတွက် သမိုင်းတလျှောက်မှာကျောင်းသားသမဂ္ဂနှစ်ခု စင်ပြိုင်ထောင်တဲ့ဖြစ်စဉ်မျိုး ဘယ်တုန်းကမှမရှိခဲ့
ကြောင်းတကယ်ကိုလေးလေးနက်နက်ပြောသွားခဲ့ပါတယ်။ဒီစကားဟာ အလွန်ပဲတန်ဖိုးရှိတဲ့စကားဖြစ်ပြီး၊ ကျွန်
တော်တို့ မျိုးဆက်ကျောင်းသားသမဂ္ဂရဲဘော်တွေစဉ်းစားဆင်ခြင်သင့်ကြတဲ့စကားပါ။
ဒီ ဗ.က.သ ဆိုတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ် ရဲ့ သမိုင်းတန်ဖိုးကို လေးစား
တန်ဖိုးထားလို့ ပြည်တွင်းကကျွန်တော်တို့ ရဲ့ ကျောင်းသားရဲဘော်တွေ ဘယ်လိုအခက်အခဲကြားကဆက်လက်
သယ်ဆောင်ချီတက်နေကြရတယ်ဆိုတာကိုကျွန်တော်နဲ့ နီးစပ်တဲ့ ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသ
မဂ္ဂ (ရ.တ.က.သ) ကကျောင်းသားရဲဘော်တွေရဲ့  အဖြစ်အပျက်အချို့ ကို ကျွန်တော်ထုတ်နှုတ်တင်ပြပါ့မယ်။
ဗ.က.သ နဲ့ ပတ်သက်ပြီး ၀ိဝါဒကွဲပြားနေသူများ၊အယူအဆမတူသူများဒီစာကိုဖတ်ပြီးတွေးတောဆင်ခြင်နိုင်ကြ
ဖို့ ပါ။
ကျွန်တော်ကရန်ကုန်မြို့ ရဲ့ တဖက်ကမ်းကရန်ကုန်အရှေ့ ပိုင်းတက္ကသိုလ်တည်ရှိတဲ့သန်လျင်မြို့ လေးမှာ
နေထိုင်ပါတယ်။တက္ကသိုလ်ဝင်တန်းကို(၂၀၀၀)ခုနှစ်မှာအောင်မြင်ပြီး(၂၀၀၂)ခုနှစ်မှာရန်ကုန်အရှေ့ ပိုင်းတက္က
သိုလ် ရုက္ခဗေဒအထူးပြုနဲ့ ပထမနှစ်စတက်ဖြစ်ပါတယ်။အဲဒီအချိန်ကတည်းက(၂၀၀၃) ဗ.က.သ မျိုးဆက်တွေ
ဖြစ်တဲ့ ကိုလွင်ကိုလတ်တို့  ကိုနန္ဒာစစ်အောင် တို့ နဲ့ စတင်ရင်းနှီးပြီးလက်တွဲဖြစ်ခဲ့ပါတယ်။စစ်အစိုးရရဲ့ လမ်းပြ
မြေပုံ(၇)ချက်ကိုဆန့် ကျင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ကိုလွင်ကိုလတ်တို့  ကိုနန္ဒာစစ်အောင်တို့ ကိုဖမ်းဆီး
ပြီးနှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့တဲ့အတွက်အရှေ့ ပိုင်းတက္ကသိုလ်ကကျွန်တော်တို့ အဖွဲ့ လေးလဲ ၀ါးအစည်း
ပြေသလိုတကွဲတပြားဖြစ်ခဲ့ကြပါတယ်။ဒီတုန်းကကျွန်တော့်အသက်(၁၈)နှစ်မပြည့်သေးပါဘူး။ရပ်ကွက်ရုံးက
မိဘတွေကိုခေါ်ပြီးလက်မှတ်ထိုးခိုင်းတာ၊ဌာနကပါမောက္ခဆီမှာဝန်ခံလက်မှတ်ထိုးခဲ့ရတာ၊စစ်ထောက်လှမ်းရေး
တွေရဲ့ ခြိမ်းခြောက်သလိုလို၊စေတနာနဲ့သတိပေးသလိုလိုပြောဆိုခံခဲ့ရတာတွေကိုအရွယ်နဲ့မမျှအောင်ခံခဲ့ရတာပါ။
ဒါပေမယ့်ကျွန်တော်နဲ့ တမြို့ ထဲသားခြင်းလဲဖြစ်၊ကျွန်တော့်လက်ဦးဆရာလိုလဲဖြစ်တဲ့ကိုလွင်ကိုလတ်တို့ ကိုယ်
ပိုင်ဘ၀နဲ့ ရင်းပြသွားခဲ့တဲ့ ယုံကြည်မှုတန်ဖိုးဟာ ကျွန်တော့်ရင်ထဲမှာစွဲသွားပြီဖြစ်တဲ့အတွက် ကျွန်တော့်လမ်း
ကြောင်းဟာမသွေဖယ်ခဲ့ပါဘူး။(၂၀၀၇)ရွှေဝါရောင်တော်လှန်ရေးမှာလဲခေါင်းဆောင်ဟောင်းတချို့ ရဲ့ အမျှော်အ
မြင်ကြီးမှုကြောင့် ဗ.က.သ ရဲ့ (Second Line)အဖြစ်ကန့် လန့် ကာနောက်ကွယ်ကသာလှုပ်ရှားခဲ့တဲ့အတွက်တ
ခြားရဲဘော်များထက်စာရင်ကျွန်တော်ကံကောင်းခဲ့ပါတယ်။(၂၀၀၈)ခုနှစ်နာဂစ်အပြီးမှာလဲကျွန်တော့်ရဲ့ ကံတရား
ကြောင့်ကျွန်တော်ထပ်မံကံကောင်းခဲ့ပါသေးတယ်။ဒီလိုကံကောင်းမှုတွေကြောင့် အပြင်လောကမှာနေထိုင်ခွင့်ရ
ခဲ့ပေမယ့်ကျွန်တော်အလကားမနေခဲ့ပါဘူး။ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက်တွေ အကျဉ်းထောင်အသီးသီးကပြန်
လည်လွတ်မြောက်လာချိန်မှာ ဗ.က.သ ကိုအဆင်သင့်ဦးဆောင်လှုပ်ရှားလို့ ရအောင် အင်အားစုတခုကိုစုစည်း
နေခဲ့ပါတယ်။ယခုတိုင်းနိုင်ငံအနှံ့ မှာခရိုင်ကျောင်းသားသမဂ္ဂအသီးသီးပေါ်ပေါက်လာခဲ့ချိန်မှာတော့ကျွန်တော်အ
ချိန်ယူတည်ဆောက်ခဲ့ရတဲ့အင်အားစုလေးဟာ ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ) အဖြစ်ရပ်တည်နေပြီဖြစ်ပါတယ်။ဒါတွေကတော့ (ရ.တ.က.သ) နဲ့ ကျွန်တော်ရဲ့ ကြားကနောက်ခံသမိုင်းကြောင်း
ပဲဖြစ်ပါတယ်။
ကျွန်တော်ဟာ ဗ.က.သ ရဲ့ လုပ်ငန်းတာဝန်များကိုထမ်းဆောင်ရင်းတပြိုင်နက်ထဲမှာပဲ တောင်ပိုင်းခရိုင်
ဗ.က.သ ရဲဘော်များနဲ့ အတူ (ရ.တ.က.သ) ကျောင်းသားရဲဘော်များအရည်အသွေးမြင့်မားတိုးတက်လာ
အောင်ရယ်၊ကျွန်တော့်မွေးရပ်မြို့ လေးကပြည်သူလူထုကိုတတ်နိုင်တဲ့ဘက်က အလုပ်အကျွေးပြုချင်တာရယ်
ကြောင့် သန်လျင်မြို့ မှာ (ရ.တ.က.သ) ရဲ့ ရုံးခန်းတဖြစ်လဲ "အိုးဝေ" စာဖတ်ခန်းလေးတခုနဲ့ တက္ကသိုလ်ဝင်တန်း
ပညာဒါနစာသင်ဝိုင်းတခုကို တည်ထောင်ဖြစ်ခဲ့ပါတယ်။သန်လျင်မြို့ မဈေးနားမှာ တစ်လငွေခြောက်သောင်းနဲ့ 
ဆိုင်ခန်းတစ်ခန်းငှားခဲ့ပါတယ်။(ရ.တ.က.သ) ရဲဘော်များနဲ့ အခြားအလှူရှင်များထံကစာအုပ်စာတမ်းများ လိုက်
လံအလှူခံပြီး အဲဒီဆိုင်ခန်းမှာပဲ "အိုးဝေ" စာကြည့်တိုက် နဲ့  တက္ကသိုလ်ဝင်တန်းပညာဒါနတန်းခွဲတခုကိုစတင်ခဲ့
ပါတယ်။ဆိုင်ခန်းခခြောက်သောင်းနဲ့ ပညာဒါနကျောင်းရဲ့ ကုန်ကျစရိတ်များကိုတော့ တောင်ပိုင်းခရိုင်ကျောင်း
သားသမဂ္ဂ မှကျောင်းသားများကတစ်ဦးလျှင်တစ်လနှစ်ထောင်(၂၀၀၀)နှုန်းဖြင့်လစဉ်ကြေးထည့်ဝင်ကြပါတယ်။
အဲဒီတောင်ပိုင်းခရိုင်ရဲ့  "အိုးဝေ" စာကြည့်တိုက် မှာကျွန်တော်ရယ်၊ကျွန်တော်တို့ ပညာဒါနကျောင်းကကျောင်း
သားလေးတယောက်ရယ်၊၀ါးခယ်မမြို့ နယ်ကသန်လျင်သမ၀ါယမကောလိပ်မှာကျောင်းလာတက်နေတဲ့ ကိုကို
မောင် ဆိုတဲ့ကျောင်းသားရယ်၊နောက်ဆုံးတခေါက်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့မုံရွာက ဗိုလ်ပီ(အောင်
လှိုင်မင်း)ဆိုတဲ့ကျောင်းသားရယ်နေကြပါတယ်။နေ့ စဉ်ပညာဒါနကျောင်းနဲ့ စာကြည့်တိုက်လုပ်ငန်းများလုပ်ရန်
အတွက် အဲဒီမှာပဲနေပြီး၊ အဲဒီမှာပဲချက်ပြုတ်စားကြပါတယ်။ဆန်ကိုတပြည်ခြင်းစီကျွတ်ကျွတ်အိတ်နဲ့ ဝယ်စားပြီး
ကျွန်တော်တို့ ရဲ့ နေ့ စဉ်ဟင်းလျာကတော့ကြက်သွန်နီနဲ့ ငရုတ်သီးသုတ်ထားတဲ့ဟင်းပါ။တရက် ကျွန်တော်နဲ့ 
ဗိုလ်ပီအပြင်ကပြန်လာရင်းကျွန်တော်တို့ အခန်းရဲ့ မျက်စောင်းထိုးအိမ်ရှေ့ ကမြက်ခင်းထဲမှာ မြင်းခွာရွက်တွေအ
လေ့ကျပေါက်နေတာကိုသွားတွေ့ ပါတယ်။အဲဒီအခါမှာ ဗိုလ်ပီက "ကိုမင်းသွေးရေ…ဒီနေ့ ညနေစာမှာဟင်းချိုတ
မျိုးတော့တိုးပြီဗျ" လို့ ပြောပါတယ်။အဲဒီနေ့ ကစလို့  ဗိုလ်ပီဟာညနေဘက်တွေမှာ အဲဒီမြက်ခင်းကမြင်းခွာရွက်
တွေကိုသွားခူးလေ့ရှိပါတယ်။
တစ်ညနေမှာတော့ဗိုလ်ပီမြင်းခွာရွက်နှုတ်နေတုန်း အဲဒီအိမ်ကအဘွားကြီးတစ်ယောက်ထွက်လာပြီး "သားရယ်အဲဒီမြက်ခင်းပေါ်ကဟာတွေတော့မစားပါနဲ့ အဘွားအိမ်ထဲမှာစိုက်ထားတာရှိတယ်လိုချင်တဲ့အချိန်
လာယူပါ"လို့ လာပြောပါတော့တယ်။အဲဒီလိုပြောပြီးနောက်တနေ့ မှာသူ့ အိမ်ရှေ့ ကမြက်ခင်းကိုရှင်းထားတာ
တွေ့ ရပါတယ်။
ကျွန်တော်နားလည်ပါတယ်။ကျွန်တော်တို့ ကိုလမ်းဘေးမြက်ခင်းပေါ်ကမြင်းခွာရွက်တွေမစားစေချင်တဲ့စေတနာ
ပါ။ဗိုလ်ပီကတော့ခပ်ပြုံးပြုံးနဲ့  "ကျွန်တော်တို့ အခင်းလေးပျက်သွားပြီဗျ"လို့ ပြောပါတယ်။ကျွန်တော်တို့ အခန်းရဲ့
နောက်မှာပိန်းပင်တွေနဲ့ မြက်ပင်တွေရောနှောပေါက်နေတဲ့ပိန်းတောကြီးရှိပါတယ်။အဲဒီအထဲမှာကန်စွန်းရွက်တွေ
ဟိုနားတစ်စုဒီနားတစ်စုပေါက်နေပါတယ်။အိမ်ရှေ့ အခင်းလေးအဖျက်ခံလိုက်ရတဲ့ဗိုလ်ပီနဲ့ ၊ကျွန်တော်နဲ့ အတူနေ
တဲ့ပညာဒါနက ကျောင်းသားလေးက အဲဒီကန်စွန်းရွက်တွေကို မျက်စိကျလာပါတော့တယ်။နေ့ တိုင်းဆင်း၊ဆင်း
ခူးနေတာတွေ့ နေရတဲ့ဘေးအခန်းကလူတွေက တရက်ဗိုလ်ပီတို့ ဆင်းခူးနေတုန်းနင်တို့ အဲဒါဘာလုပ်ဖို့ ခူး၊ခူးနေ
တာလဲလို့ လှမ်းမေးပါတယ်။ဗိုလ်ပီပြန်ဖြေတာရှင်းပါတယ်။ "အဆိပ်ဖြေတယ်ဆိုလို့ စားဖို့ ပါ´တဲ့။တစ်ညနေကျွန်
တော်တို့ အဖွဲ့ နိုင်ငံရေးပွဲတစ်ခုရှိလို့ ရန်ကုန်မြို့ ထဲကိုသွားပါတယ်။အဲဒီပွဲကအပြန်မှာနောက်ကျလို့ ညဆယ်နာရီ
ကျမှထမင်းစချက်ကြရတယ်။ဆီကုန်နေတာတွေ့ လို့  ဟင်းအတွက် အရှေ့ ကဈေးဆိုင်မှာ ကြက်ဥသွားဝယ်တဲ့
ကိုကိုမောင့်ကိုကျွန်တော်ကသူ့ မှာပိုက်ဆံရှိသေးရင် ဆီပါဝယ်ခဲ့ဖို့ အခန်းရှေ့ ကနေလှမ်းအော်လိုက်ပါတယ်။သူ
ကငွေမရှိတော့ကြောင်းပြောပါတယ်။ကျွန်တော်တို့ အပြန်အလှန်ပြောနေသံကိုကြားတဲ့ဆိုင်ရှင်ကကြက်ဥတစ်ခါ
ကြော်စာဆီကိုသူ့ ဆိုင်ကနေပဲပေးလိုက်ပါတယ်။နောက်အဖြစ်အပျက်တစ်ခုကတော့ကျွန်တော်တို့ တပြည်ချင်း
ဝယ်စားနေကျဆန်ကုန်သွားလို့ ဗိုလ်ပီနဲ့ ရာပြည့်ဆိုတဲ့ကျောင်းသားတယောက်နဲ့ ဆန်သွားဝယ်ပါတယ်။ဆန်ဆိုင်
ရောက်တဲ့အခါမှာတပြည်ခြောက်ရာတန်ဆန်ရှိလားလို့ မေးတော့ဆိုင်ရှင်ကရှစ်ရာတန်ဆန်ရှိတယ်ယူမလားလို့ 
ပြန်မေးပါတယ်။အဲဒါနဲ့ ကျွန်တော်တို့ ရဲ့ရဲဘော်နှစ်ယောက်ကခြောက်ရာတန်ပဲယူမယ့်အကြောင်းပြောလိုက်ပါ
တယ်။အဲဒီမှာဆိုင်ရှင်ပြန်ပြောလိုက်တဲ့စကားကြောင့်ကျွန်တော်တို့ ရဲဘော်နှစ်ယောက်အောင့်သက်သက်နဲ့ ပြန်
လာခဲ့ရပါတယ်။ ဆိုင်ရှင်ပြန်ပြောတာက`သြော်…ငှက်ကျွေးဖို့ လားတဲ့´…။အဲဒီအကြောင်း(ရ.တ.က.သ)က တခြားကျောင်းသားတွေကိုဟာသအဖြစ်ပြန်ပြောပြတော့သူတို့ ရယ်ကြပါတယ်။ဒါပေမယ့်နောက်နေ့တွေမှာ
`အိုးဝေ´စာကြည့်တိုက်ကိုလာတဲ့အခါ သူတို့ လက်ထဲမှာကိုယ်စီကိုယ်စီပါလာတဲ့ဆန်ထုပ်လေးတွေယူလာပေး
ကြပါတယ်။
ဒီအဖြစ်အပျက်တွေဟာကျွန်တော် ပြည်သူ့ မေတ္တာခံယူရရှိအောင် တမင်တကာဇာတ်နာအောင်ရေး
ပြနေတာမဟုတ်ပါဘူး။ဘုရားပေးပေး၊ကျမ်းပေးပေး ကျွန်တော်သစ္စာဆိုရဲပါတယ်။ကျွန်တော်နဲ့ အတူနေ၊နေတဲ့ ကျောင်းသားရဲဘော်တွေ သက်သေရှိပါတယ်။ရန်ကုန်တောင်ပိုင်းခရိုင်က (ဗ.က.သ) တွေသက်သေရှိပါတယ်။ ကျွန်တော်တို့ တယောက်ခြင်းစီဟာ ကိုယ့်အိမ်မှာကိုယ့်မိဘတွေနဲ့ အတူတူနေမယ်ဆိုရင် ကောင်းကောင်းနေ၊ ကောင်းကောင်းစားပြီးကောင်းကောင်းဝတ်နိုင်ပါတယ်။မုန့် ဖိုးဆိုလည်းကိုယ်တစ်ယောက်စာအတွက်ကတော့ ဘယ်မှမသွား၊ဘာအလုပ်မှမလုပ်ရင် လောက်ငရုံမကပိုလျှံပါတယ်။ဒါပေမယ့် ဘာကြောင့်အခုလို ဒုက္ခခံပြီး ဒီ
အလုပ်တွေကိုလုပ်နေရပါသလဲ…။အဖြေကတော့ ရှင်းရှင်းလေးပါ။ကျွန်တော်တို့ နိုင်ငံအတွက် ကျွန်တော်
တို့ ပြည်သူတွေအတွက်တာဝန်ကျေချင်လို့ ပါ။(ဗ.က.သ )ဆိုတဲ့သမိုင်းကြီးခဲ့တဲ့ကျောင်းသား အဖွဲ့ အစည်း
ကြီး အခုထက်ပိုပြီး စည်ပင်ကြီးထွားစေချင်လို့ ပါ။(ဗ.က.သ )ကိုချစ်လို့ ပါ။ယုံကြည်လို့ ပါ။ဆရာဗန်းမော်တင်
အောင်ရဲ့ ပြောစကားအရပြောရရင် ခောတ်ကကျွန်တော်တို့ ပုခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်ကိုကြေ
ပွန်ချင်လို့ ပါ။ကျွန်တော်တို့ လိုပဲတခြားခရိုင်တွေက(ဗ.က.သ)ရဲ့ကျောင်းသားရဲဘော်တွေလည်းခောတ်နောက်
ပြန်ချင်နေတဲ့ အာဏာပိုင်တစ်ချို့ ရဲ့ ဖိအားပေးခြိမ်းခြောက်ခေါ်ယူမေးမြန်းမှုတွေကို ရင်ဆိုင်ပြီး အခုလိုဒုက္ခတွေ တဖက်နဲ့ (ဗ.က.သ) အဖွဲ့ ချုပ်ကြီးရေရည်တည်တံ့အောင်၊ နိုင်ငံအနှံ့ ပေါ်ထွန်းလာအောင်ကြိုးစားနေကြတာပါ။ ဆက်လက်ပြီးလည်းကြိုးစားရပ်တည်နေကြဦးမှာပါ။ ကျွန်တော်တို့ ရဲ့ သမိုင်းကိုအရိုင်းမခံပါဘူး။ကျွန်တော်တို့ 
ရဲ့ မိဘပြည်သူတွေကိုလည်း ဘယ်သူမှ နှိပ်စက်တာ မခံစေရပါဘူး။ဒါကျွန်တော်တို့ ရဲ့ စိတ်ဓာတ်နဲ့ စေတနာပါ။ ကျွန်တော်တို့ (ဗ.က.သ) တွေရဲ့ သစ္စာပါ။ ဒီလောက်ရေးပြရရင်ကျွန်တော်ဘာကို ဆိုလိုတယ်ဆိုတာကိုစာဖတ်
သူတိုင်း သဘောပေါက်မှာပါ။ ကျွန်တော်ရဲ့ စာဟာကျွန်တော်တို့ကျောင်းသားထုပြန်လည်ညီညွတ်ရေးအတွက်
ရော (ဗ.က.သ) များအဖွဲ့ ချုပ်ရေရှည်တည်တံ့ရေးအတွက်ပါ အုတ်တချပ်၊သဲတပွင့် ဖြစ်ခဲ့ရင် ကျွန်တော်ဒီစာကို
ရေးရကျိုးနပ်ပါပြီ။ကျွန်တော်တို့ အကွဲကိုချောင်းနေတဲ့ကျားတွေရှိတယ်ဆိုတာကိုဘယ်တော့မှမမေ့ပါနဲ့ ။ကျွန်
တော့်ရဲ့ စာကိုဗုဒ္ဓ္ဓဟောကြားခဲ့တဲ့အဆုံးအမလေးတစ်ခုနဲ့ အဆုံးသတ်ပါ့မယ်။ "သူတပါး၏ များစွာသောအကျိုး
စီးပွား အတွက်ကြောင့် မိမိ၏ အကျိုးစီးပွားကို အနည်းငယ်မျှ မဆုတ်ယုတ်စေရာ၊ မိမိအကျိုးစီးပွားကိုသိ၍ ၊
မိမိအကျိုးစီးပွားကိုတိုးပွားအောင်လေ့ကျက်အားထုတ်ရာ၏" အတ္တဒတ္ထတ္ထေရ၀တ္ထု
ကျောင်းသားရဲဘော်များ အားလုံး (ဗ.က.သ)ရဲ့  အကျိုးစီးပွားကိုတိုးပွားအောင် အားထုတ်နိုင်ကြပါစေ…
မင်းသွေးသစ်
တွဲဖက်အတွင်းရေးမှူး
ဗဟိုလုပ်ငန်းကော်မတီ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်
Monday, June 4, 2012
Reminder about your invitation from Min Thawe Thit
|
Sunday, June 3, 2012
တခုတည်းသောသမဂ္ဂ၊ ကျောင်းသားတွေရဲ့ တခုတည်းသောဗဟို
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဆိုတာဟာ တိုက်ပွဲတွင်းမှာ မွေးဖွား၊ တိုက်ပွဲတွင်းမှာ ရှင်သန်၊ တိုက်ပွဲထဲမှာ ကြီး ထွားခဲ့တာပါ။ ကိုလိုနီခေတ်ကစလို့ ကနေ့အထိ တိုင်းပြည်ကို ဖိနှိပ်သူတွေကအုပ်စိုးနေတဲ့ နှစ်ပေါင်း၆ဝကျော်ကြာ ကာလ တလျှောက်မှာ ကျောင်းသားသမဂ္ဂတိုက်ပွဲလို့ ဆိုရမလိုတောင် ဖြစ်နေခဲ့ပါတယ်။ သမဂ္ဂခေါင်းဆောင် တဖြစ်လဲ သခင်တွေ ဟာ သခင်ပေါက်စ ထောင်ခြောက်လခေတ်မှာ ထောင်ထဲဝင်ခဲ့ကြရသလို လွတ်လပ်ရေးခေတ် နောက်ပိုင်းမှာကျတော့ သမဂ္ဂခေါင်းဆောင်တွေအဖို့ ထောင်နဲ့ အိမ်ဟာ အိမ်ဦးနဲ့ကြမ်းပြင်ဖြစ်ခဲ့ရပါတယ်။ မလိုသူတွေက ကွယ်ရာမှာ သူတို့ကို "ထောင်စာလေးတွေ" လို့ခေါ်တာတောင် ရှိခဲ့ပါတယ်။
ဒီတော့ ကျောင်းသားထုနဲ့ ပြည်သူလူထုဟာ ကျောင်းသားသမဂ္ဂတွေကို သူတို့အတွက် တိုက်ပွဲဝင်တဲ့ အဖွဲ့အစည်းလို့ မြင် ထားကြသလို ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဖွဲ့ကျူးခဲ့တဲ့ 'ထဆင်ထူးကို တမြည်မြည်သင်ခဲ့တဲ့ ထီမထင်' တိုက်ပွဲဝင်တဲ့ လူတွေ (တနည်း တိုက်ပွဲကို မရှောင်တဲ့ လူတွေ) နဲ့ ဖွဲ့စည်းထားတာပဲ ဖြစ်စေချင်ကြပါတယ်။ ဒါနဲ့ ပြောင်းပြန် ဖိနှိပ်သူ အာဏာပိုင်တွေကတော့ ကျောင်းသားသမဂ္ဂဆိုတာကို မတတ်သာလို့ တညရှိနေစေ ရတယ်ဆိုရင် သူတို့ကို ဆန့်ကျင် တာတွေ မလုပ်တဲ့ ရပ်ကွက်ဓမ္မာရုံအသင်း၊ သဟာယနဲ့စာဖတ် အဖွဲ့အစည်းလေးလောက် ဖြစ်စေချင်တာပါ။ ဒီနေ့ ဗမာ ပြည်အနှံ့အပြားမှာ ဖွဲ့စည်းဖို့ လုံးပမ်းနေကြတဲ့ ကျောင်းသား သမဂ္ဂတွေကသာ "စစ်အာဏာရှင်ဆန့်ကျင်ရေး မပြောပါဘူး၊ ဗမာပြည်ရဲ့ ကမောက်ကမ ပညာရေးအခြေအနေကို ပြစ်တင်ဝေဘန်တာ မလုပ်ပါဘူး၊ ကျောင်းသားအခွင့်အရေးတွေ အတွက် တိုက်ပွဲမဝင်ပါဘူး၊ အင်န်ဂျီအိုတွေရဲ့ အစီအစဉ်တွေကိုသာ လုပ်နေပါမယ်" လို့ ကတိပေးခဲ့ရင်း ဗိုလ်သန်းစိန် အစိုးရက ဝမ်းမြောက်ဝမ်းသာ ချက်ခြင်းပဲ တည်ထောင်ခွင့် ပေးမှာပါ။ သမဂ္ဂ အဆောက်အဦတွေကိုလည်း သူတို့က တောင် ဆောက်ပေးပါလိမ့်ဦးမယ်။
ပြန်စဉ်းစားလိုက်ရင် ဗမာပြည်နိုင်ငံရေးသမိုင်းမှာ ပါတီအဖွဲ့အစည်းတွေ ကွဲ ပြဲခဲ့တာ မနည်းပါဘူး။ ဒါပေမဲ့ ဗကသ ကွဲ တယ်။ ကျောင်းသားသမဂ္ဂ ကွဲတယ်ဆိုတာ မရှိခဲ့ပါဘူး။ ကျောင်းသားလောကထဲမှာ ကျောင်းသားညီညွတ်ရေးတပ်ဦး၊ ဒီ အက်စ်အို၊ တပ်ဦးသစ်၊ အင်အားစသဖြင့် မတူတဲ့ အင်အားတွေ ပြိုင်ဆိုင်ခဲ့ကြပေမဲ့ ဘယ်သူကမှ ကိုယ့်ဟာကိုယ် သမဂ္ဂ ထထောင်တယ်လို့ မလုပ်ဝံ့၊ မလုပ်ခဲ့ပါဘူး။ သမဂ္ဂရဲ့ အရှိန်အစော်က ကြီးလွန်းလို့ အားလုံးပဲ ကျောင်းသား ထုရဲ့ဆန္ဒကို လေးစားရပါတယ်။ နောက်ပြီး လူထုကလည်း ဒါမျိုးကို မကြံကောင်းမစည်ရာဆိုပြီး နှာခေါင်းရှုံ့ကြမှာပါ။
နောက်ထောက်ပြသင့်တယ်ထင်တဲ့ အချက်တချက်က ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ဗဟိန်း၊ ဗိုလ်အောင်ကျော် စသူတွေ တည်ထောင်ခဲ့တဲ့၊ သမိုင်းမှာ အစဉ်အလာကြီးခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂကို နာမည်ပြောင်းဖို့ ဆိုတာ မျိုးလည်း ဘယ်သူမှ မတွေးဝံ့၊ မကြံစည် ဝံ့ခဲ့ကြပါဘူး။ ဗိုလ်နေဝင်းနဲ့ စစ်အာဏာရှင်အဆက်ဆက်က သမဂ္ဂတွေနဲ့ သမဂ္ဂ အစဉ်အလာတို့ကို သမိုင်းစာမျက်ပေါ်က ပျောက်သွားအောင် ရာစုနှစ်တဝက်လောက် လုပ်လာတော့ သမိုင်းကိုမသိ၊ သ မိုင်းကို ထိုက်တန်စွာတန်ဘိုး မထားတတ်သူတွေက ဒါတွေကို မလောက်လေး မလောက်စားများ လုပ်လာသလားလို့ စဉ်း စားစရာဖြစ်နေပါတယ်။ ဗိုလ်နေဝင်းဟာ ဗမာစကားဝေါဟာရ၊ သတ်ပုံတွေနဲ့ နိုင်ငံရေးအမြတ်ထုတ်လေ့ ရှိတယ် ဆိုတာ ကိုလည်း မမေ့သင့်ပါတူး။
ကျောင်းသားသမဂ္ဂတွေ မကွဲခဲ့။ စင်ပြိုင်တွေ မပေါ်ခဲ့တာရဲ့ အဓိက အကြောင်းရင်း တခုကတော့ သမဂ္ဂတွေရဲ့ သမိုင်းမှာ ဘယ် သံရုံး၊ ဘယ်နိုင်ငံရဲ့ (အင်န်ဂျီအို ဆိုတာ အဲဒီတုန်းက မပေါ်သေးပါ)၊ ဘယ်ပြင်ပ အင်အားစုရဲ့ အကူအညီ အ ထောက်အပံ့ကိုမှ မယူခဲ့တာ ဖြစ်ပါတယ်။ သမဂ္ဂတွေဟာ ပြည်သူလူထုနဲ့ ကျောင်းသားထုဆီက အလှူခံပြီး အသက်ရှင် လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။ ဖောက်ပြန်တဲ့ အာဏာပိုင်တွေက ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေကို ကိုယ့်လူအဖြစ် မွေးဖို့၊ ဝယ်ယူဖို့ကြိုးစားရာမှာ ရာထူးပေး၊ ငွေပေးလုပ်တဲ့ နည်းတွေကိုလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပါတယ်။ ထောင်ထဲမှာ ဖမ်းထားပြီး အလုပ်အကိုင်ပေးမယ်၊ ရာထူးပေးမယ်၊ လက်နက်ချလို့ အကြပ်ကိုင်တာမျိုးတွေလည်း ရှိပါ တယ်။
ကျောင်းသားသမဂ္ဂတွေဟာ ကျောင်းသားလှုပ်ရှားမှုတွေအပြင် စာပေပညာရှင် တွေကို ဖိတ်ခေါ် ဟောပြောစေတာနဲ့ ပညာရေး နှီးနှောဖလှယ်ပွဲ၊ တက္ကသိုလ် ငွေရတုသဘင်ပွဲ စတာတွေ ကျင်းပခဲ့ပေမဲ့ ဈေးရောင်းပွဲနဲ့ ငွေရှာတာမျိုး မလုပ်ပါ ဘူး။ ရပ်ကွက်ထဲ၊ ဈေးထဲ၊ အလှူခံထွက်တာတော့လုပ်ပါတယ်။ ကျောင်းသားသမဂ္ဂ၊ အထူးသဖြင့် တက္ကသိုလ် ကျောင်း သားသမဂ္ဂတွေကို နိုင်ငံတော်အစိုးရက ငွေကြေးထောက်ပံ့တဲ့ အစဉ်အလာ ကို ဗြိတိသျှကိုလိုနီအစိုးရက သူတို့နိုင်ငံမှာ နည်းတူ စနစ်တခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါကို လွတ်လပ်ရေး နောက်ပိုင်း အစိုးရများကလည်း လိုက်နာကျင့်သုံးခဲ့ပါ တယ်။ ဒါပေမဲ့ ဗိုလ်နေဝင်းက အာဏာသိမ်းပြီးတဲ့ နောက်မှာတော့ သမဂ္ဂတွေလည်း ဥပဒေဘောင် အပြင်ဘက်ရောက်၊ ဒီအစဉ်အလာလည်း ပျောက်ဖြစ်ခဲ့ရပါတယ်။ အမှန်မှာ အစိုးရကပေးတယ် ဆိုတဲ့ငွေဟာ စာသင်နှစ်အစမှာ ကျောင်းသား တွေဆီက ကောက်ခံထားတဲ့ ငွေတွေဖြစ်လို့ ကျောင်းသားတွေကပေးတဲ့ ငွေလို့ဆိုမှ ပိုမှန်မှာပါ။ ဒါပေမဲ့ ဒီငွေဟာသမဂ္ဂရဲ့ တနှစ်စာ အသုံးအတွက် မလုံလောက်ပါဘူး။ ဒါကြောင့် အခါအား လျော်စွာ ကျောင်းသားတွေဆီမှာ ခွက်ထိုးအလှူခံတာ၊ လူထုဆီမှာ ဖြတ်ပိုင်းဖြတ်အ လှူခံတာတွေ လုပ်ရပါတယ်။ သမဂ္ဂဆိုတာဟာ ဒီလိုနည်းနဲ့ ရံပုံငွေတွေရခဲ့တာ ဖြစ်လေ တော့ ကျောင်းသားထုမျက်နှာနဲ့ ပြည်သူ လူထုမျက်နှာကလွဲလို့ ဘာမှထောက်ထားစရာ မလိုတော့ပါဘူး။
ဒီလို အကြောင်းရင်းတွေကြောင့်ပဲ ဗမာပြည် နောက်ပိုင်းသမိုင်းမှာ ကိုလိုနီ နယ်ချဲ့သမားရော စစ်အာဏာရှင်တွေအပါ ဖိနှိပ်တဲ့ အစိုးရတွေအဖို့ ကျောင်းသား သမဂ္ဂတွေဟာ အကြီးမားဆုံး ပစ်မှတ်တခု အဖြတ်တည်ရှိခဲ့ပါတယ်။ ဒါကြောင့်မို့ သူတို့ဟာ ကျောင်းသားသမဂ္ဂကို နည်းမျိုးပေါင်းစုံနဲ့ သူတို့ အပိုင်ဖြစ်ဖို့ လုံးပမ်းခဲ့ကြပါတယ်။ ဒါကို ဖဆပလအစိုးရ လက် ထက်တုန်းက ဆိုရှယ်လစ်ပါတီက နည်းမျိုးပေါင်းစုံနဲ့ ညစ်တီးညစ်ပတ် လုပ်ခဲ့သလို ရှစ်လေးလုံး နောက်ပိုင်းမှာ ဗိုလ်ခင် ညွန့် တို့ ထောက်လှမ်းရေးကလည်း ငွေပုံပေးတာအပါ နည်းလမ်းပေါင်းစုံ အသုံးပြုခဲ့ပါတယ်။ ဒီလိုအခါမှာ တချိန်တုန်းက တခုတည်းသော ကျောင်းသားသမဂ္ဂဆိုတဲ့မူ အပေါ်မှာ မားမားရပ်ပြီး အနာခံခဲ့တဲ့ သမဂ္ဂခေါင်းဆောင်နဲ့ ကျောင်းသားအ ဆက်ဆက်ကို သတိရမိပါတယ်။
တပါတည်းမှာပဲ ဒီနေ့ခေတ် ကျောင်းသားမဂ္ဂဖော်ထုတ်ရေး၊ သမဂ္ဂ အလံတော်အောက်မှာ တိုက်ပွဲဝင်ရေးတို့အတွက် လုံး ပမ်းနေ သူအားလုံးကိုလည်း ကျောင်းသားသမဂ္ဂကို စတင် တည်ထောင်ခဲ့သူနဲ့ သယ်ဆောင်ခဲ့သူတွေရဲ့ ဆန္ဒနဲ့ မျှော်မှန်း ချက်တွေကို သတိရကြပါ၊ ကျောင်းသားတွေရဲ့ ၁၉၃၆ခုနှစ် ကစလို့ ၁၉၆၂ခုနှစ် ဇူလိုင်(၇)ရက်အရေးတော်ပုံအလယ် ရှစ် လေးလုံးအရေးတော်ပုံအထိ ဖြစ်တဲ့ ဂုဏ်ပြောင်လှတဲ့ ကျောင်းသားတွေရဲ့ တိုက်ပွဲကြီးတွေနဲ့ အဲဒီတုန်းက စိတ်ဓာတ် တွေကို သတိရကြပါလို့ သတိပေးလိုပါတယ်။ သူတို့တွေဟာ ကျောင်းသားသမဂ္ဂတွေ တည်တံ့ရေးအတွက် အသက် တောင် ပေးခဲ့ကြတာပါ။ တကယ်တော့ ဒီနေ့အထိ အသက်ဝင်တည်ရှိနေတဲ့ ကျောင်းသားသမဂ္ဂဟာ ဗမာပြည်သမိုင်းမှာ သက်တမ်း အရှည်ဆုံး အဖွဲ့အစည်းဖြစ်မယ် ဆိုတာကိုလည်း မမေ့သင့်ပါဘူး။
ကျောင်းသားခေါင်းဆောင်ဟောင်းတဦး